တော်လှန်ရေးထောင်ချောက် Revolution Trap တွင် မိနေခြင်း

တော်လှန်ရေးထောင်ချောက် Revolution Trap တွင် မိနေခြင်း
Published 13 June 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တော်လှန်ရေး (Revolution Trap) ဆိုသည့် စကားလုံး၊ စကားရပ်သည် မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့်၊ ယခုစာဖတ်သူတို့၏ စိတ်တွင် သိဖူး၊ ကြားဖူး၊ တွေ့ကြုံဖူး၊ ခံစားဖူးနေကြမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့တိုင်းပြည်နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းကပင် တော်လှန်ရေး သဘောတရားနှင့် လုပ်ငန်းစဉ်များသည် သန္ဓေတည် အစပျိုးမွေးဖွားလာစေခဲ့ပြီး ယနေ့ထက်တိုင် ရှင်သန်လျက်ရှိနေကာ ပြည်သူပြည်သားများ၏ စိတ်အစဉ်ကို လွှမ်းမိုးချုပ်ကိုင်လျက်ပင် ရှိနေပါသည်။

ကောင်းကျိုးရှုထောင့်အနေဖြင့် လေ့လာမည်ဆိုပါက မိမိတို့တိုင်းပြည်နိုင်ငံ လွတ်လပ်ရေး ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်စေခဲ့ပါသည်။ ဆိုးကျိုးရှုထောင့်အနေဖြင့် လေ့လာကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအကြာမြင့်ဆုံးကို ဖြစ်ပေါ်စေခြင်း၊ ပြည်သူပြည်သားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ပျက်စီးစေခြင်း၊ နိုင်ငံသားအားလုံးမှာ အကြောက်တရားများဖြင့်သာ အသက်ရှင်နေထိုင်ကြရခြင်း၊ ကမ္ဘာပေါ်၌ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိရပ်တည်နေကြရခြင်းတို့ ဖြစ်ပါသည်။

စာရေးသူအနေဖြင့် မေးခွန်းထုတ်လိုသည့်အချက်မှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်သူပြည်သားများအတွင်း တော်လှန်ရေး (Revolution) စိတ်ဓာတ်များ ကိန်းအောင်းတည်ရှိနေစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းများသည် ပြည်သူပြည်သားများ၏ ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးနိုင်ပါမည်လား။ ပြည်သူပြည်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပြီး ပြည်သူပြည်သားများ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်စေရန် အထောက်အကူဖြစ်စေပါသလား ဆိုသောမေးခွန်းများပင် ဖြစ်ပါသည်။ ဖော်ပြပါ မေးခွန်းများ၏အဖြေကို တတ်နိုင်သမျှ ဖော်ထုတ်လာနိုင်စေရန်အတွက် ယခုဆောင်းပါးကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် စာရင်းအင်းပညာ သဘောတရားများအရ မှတ်တမ်းတင်ခြင်းများမှာ လွန်စွာအားနည်းခဲ့သည့်အတွက် တော်လှန်ရေးလုပ်ငန်းစဉ်များကြောင့် သေကျေပျက်စီးခဲ့ကြရသည့် လူတို့၏အသက်များ၊ အိုးအိမ်များ၊ လုပ်ငန်းများနှင့် တော်လှန်ရေးလုပ်ငန်းစဉ်များကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရလဒ်များ (Outcomes) ကို စနစ်တကျ မှတ်တမ်းတင်ထားရှိသည့်စနစ်မရှိခဲ့သဖြင့် သတင်းအချက်အလက်များအနေဖြင့် အရေအတွက် အတိအကျ ထုတ်ဖော်ရှင်းလင်းတင်ပြနိုင်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူအနေဖြင့် စာရေးသူ မမွေးဖွားမီပေါ်ပေါက်ခဲ့သည့် တော်လှန်ရေးအကြောင်းအရာများကို ရေးသားထုတ်ဝေထားသည့် အချို့သော စာအုပ်စာတမ်းများမှလည်းကောင်း၊ ဆရာကြီးဆရာမကြီးများက စာရေးသူအား ပြောပြခဲ့သည့် အချက်အလက်များမှလည်းကောင်း၊ စာရေးသူကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည် တော်လှန်ရေးများကိုမူ စာရေးသူ တွေ့ကြုံ၊ ခံစားခဲ့ရသည့် အတွေ့အကြုံများကို အခြေခံကာလေ့လာတင်ပြမည် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် သိမြင်၊ လေ့လာ၊ နားလည်၊ ခံစားခဲ့ရသည့် တော်လှန်ရေးလက္ခဏာဆောင်သော သဘောတရားအချို့ကိုတင်ပြလိုပါသည်။ အများအားဖြင့် တော်လှန်ရေး သဘောတရားများသည် ကားလ်မာ့(က်)(စ်) ၏ အရင်းကျမ်း နှင့် ကွန်မြူနစ်ကြေညာစာတမ်းကို အခြေခံကြခြင်းဖြစ်ပြီး လက်ဝဲအယူအဆကို အခြေခံကြသည်ဟုလည်း ဆိုနိုင်ပါသည်။ အထက်ဖော်ပြပါ သဘောတရားများကြောင့် လူ့လောကကြီးတွင် ကောင်းကျိုးဆိုးကျိုးများကို စာရေးသူအနေဖြင့် သီးခြားစီဝေဖန်ပိုင်းခြား တင်ပြရန်စွမ်းဆောင်နိုင်ခြင်းမရှိပါ။

သို့သော်လည်း အဆိုပါသဘောတရားကြောင့် ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မိမိတို့ တိုင်းပြည်နိုင်ငံတို့တွင် လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးခဲ့ကြရသည်မှာ အမှန်ပင် ဖြစ်ပါသည်။ သက်သေအထောက်အထားများစွာဖြင့် ကျန်ရှိနေစေခဲ့ပါသည်။ ရက်စက်စွာ သတ်ဖြတ်ခံရသည့် လူအရေအတွက်မှာ သန်းပေါင်းများစွာ (အချို့သော စာရင်းများအရ သန်း ၂၀ ပတ်ဝန်းကျင်ခန့်) သေကျေခဲ့ကြရပါသည်။ ထိုစဉ်အချိန်အခါက တည်ရှိနေသည့် လူအရေအတွက်ဖြင့် နှိုင်းယှဉ်ပါက လွန်စွာများပြားသည့်အရေအတွက် ဖြစ်ပါသည်။

ဤနေရာတွင် မိမိတို့တိုင်းပြည်နိုင်ငံနှင့် ပတ်သက်ပြီး ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်မတိုင်မီ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အခြေအနေကို တင်ပြခြင်းမပြုတော့ဘဲ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် ကျင့်သုံးအကောင်အထည် ဖော်ခဲ့ကြသည့် တော်လှန်ရေးလုပ်ငန်းစဉ်များကိုသာ တင်ပြဆွေးနွေးမည်ဖြစ်ပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အတွေ့အကြုံများအရ ဖော်ပြပါ တော်လှန်ရေးလုပ်ငန်းစဉ်များသည် ပြည်သူပြည်သားများအား ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်ပြီး ကြွယ်ဝချမ်းသာခြင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြပါသလောဆိုသောမေးခွန်းကို စာဖတ်သူများနှင့်အတူ အဖြေရရှိနိုင်ရန် ဆွေးနွေးတင်ပြပါမည်။

၁။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ “ပစ္စည်းမဲ့တော်လှန်ရေး”

၂။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ “ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေး”

၃။ တိုင်ရင်းသားများ၏ “လက်နက်ကိုင် တော်လှန်ရေး”

၄။ အမျိုးမျိုးသော “တော်လှန်ရေး” ၊ “တော်လှန်ရေး” ၊ “တော်လှန်ရေး”

ပထမဦးစွာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ “ပစ္စည်းမဲ့ တော်လှန်ရေး” တစ်နည်းအားဖြင့် “ပစ္စည်းမဲ့ အာဏာရှင်စနစ်” ကို ရဲဘော်ဘခက်၊ ဗိုလ်မင်းဒင်နှင့် ရဲဘော်စောလှတို့ ရေးသားတင်ပြခဲ့သည့် “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” စာအုပ်ကို အခြေခံကာ အကျဉ်းချုပ်လေ့လာတင်ပြပါမည်။

တင်ပြမည့် စာအုပ်နှင့်ပတ်သက်ပြီး စာရေးသူအနေဖြင့် ပိုမိုစိတ်ဝင်စားစေသည့်အချက်မှာ သုဝဏ္ဏဘောလုံးကွင်း အပြင်ပတ်လမ်းတွင် စာရေးသူနှင့် လမ်းအတူလျှောက်သည့် ဆရာကြီးက စာအုပ်အမည်ပေးစဉ်က အတွေ့အကြုံကို ရှင်းပြရာတွင် အချို့ကတရုတ်ပြည် မော်စီတုန်း၏ “One Star in China” ကို အခြေခံပြီး “မြရာပင်ကြောက ကြယ်တစ်ပွင့်” ဆိုပြီး အဆိုပြုကြကြောင်း၊ ဆရာကြီးက အကြံပြုရာတွင် ထိုကဲ့သို့ အမည်ပေးခဲ့လျှင် အဓိပ္ပာယ်သဘောတရားမှာ လက်ရှိအခြေအနေကို မထင်ဟပ်၊ မပေါ်လွင်သည့်အတွက် သခင်သန်းထွန်းမသေမီ နောက်ဆုံးတွေ့ရှိခဲ့ရသည့် အချက်အလက်များ၊ အခြေအနေများ ဖြစ်သည့်အတွက် “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” ဆိုပြီး အမည်ပေးလျှင် သင့်တော်ကြောင်း အကြံပြုခဲ့သည့်အတွက် စာအုပ်အမည် ဖြစ်ပေါ်လာပုံကို စာရေးသူအနေဖြင့် ကြားသိခဲ့ရပါသည်။

ထို့ပြင် ဆရာကြီးကသခင်သန်းထွန်း၏ အလောင်းကို ရှာဖွေတူးဖော်စဉ်က တွေ့ကြုံခဲ့ရသည့် အခက်အခဲများကိုလည်း ရှင်းပြပါသည်။ နောက်ဆုံး သခင်သန်းထွန်း၏ အလောင်းပြာကို ပင်လယ်တွင်းသို့ကြဲချစဉ် ဆရာကြီးကြားသိခဲ့ရသည်များကိုလည်း ရှင်းပြသဖြင့် စာရေးသူအနေဖြင့် ကြားသိခွင့် ရရှိခဲ့ပါသည်။ ဤစာအုပ်ကို ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီးများကိုမူ မတွေ့မြင်ဖူးပါ။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ “ပစ္စည်းမဲ့တော်လှန်ရေး” အကြောင်းကို တင်ပြရသည်မှာ အတော်ပင် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါသည်။ ပါဝင်ပတ်သက်သူအားလုံးတို့မှာ ၎င်းတို့၏အသက်များကို ဖက်နှင့်ထုပ်ထားရသကဲ့သို့ ဖြစ်နေပြီး စကားပြောနှင့် အပြုအမူအနည်းငယ်လွဲမှားသည်နှင့် သေပွဲဝင်ရမည့် အခြေအနေဖြစ်ပါသည်။ ဖြုတ်၊ ထုတ်၊ သတ် မဟာစီမံကိန်း (Reference 1:pp 295-367)၊ ပြည်ခရိုင် အာဏာနီတည်ဆောက်ရေး (Reference 1:pp 512-546) နှင့် ဗဟိုစခန်းမှ ငရဲခန်းများ (Reference 1:pp 664-792) ကို လေ့လာဖတ်ရှုခြင်းအားဖြင့် လူ့အသက်တစ်ချောင်း၏တန်ဖိုးကို လေ့လာသိမြင်နိုင်ပါသည်။

စာရေးသူအနေဖြင့် တော်လှန်ရေး လုပ်ငန်းစဉ်များကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ မဟုတ်သော်လည်း “ပစ္စည်းမဲ့တော်လှန်ရေး” နှင့် ပတ်သက်သည်များအား ဖော်ပြပါစာအုပ်တွင် တွေ့ရှိသည်များကို အခြေခံကာ စာရေးသူ၏ အမြင်သက်သက်ဖြင့် အနည်းငယ်တင်ပြလိုပါသည်။ အတွေးအခေါ်အနေဖြင့် “တော်လှန်တဲ့စစ်အတွေးအခေါ်များ ထွန်းကားရေး” (Reference 1:pp 67) တွင်ဖော်ပြထားပါသည်။

ထို့ပြင် မည်သည့်ဘာသာတရားကိုမျှ တန်ဖိုးထားခြင်းမရှိဘဲ “ဘာသာရေးသည် မာ့က်စ်အဘိဓမ္မာ၏ ရန်သူဖြစ်၏ …..ထို့ကြောင့် ကျွန်ုပ်တို့သည် ဘာသာရေးကို ဆန့်ကျင်ရပေမည်” (Reference 1:pp 61) တွင် ဖော်ပြထားချက်များအရ ဘာသာတရားမရှိ၊ မေတ္တာတရားမရှိ၊ လက်နက်ကိုင် တော်လှန်ရေး အတွေးအခေါ် အခြေခံချက်များအရ “ရဲသုံးရဲစိတ်ဓာတ်ဖြစ်သည့် ၁။ သေရဲရမည် ၂။ တိုက်ရဲ၊ သတ်ရဲရမည် ၃။ အနိုင်ယူရဲရမည်” (Reference 1:pp 511) ကို ပေါက်ဖွားလာစေခဲ့ပါသည်။ အကျိုးဆက်အဖြစ် လူငယ်အရွယ်ကလေးက ဖခင်၊ အဖေအရင်းကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အခြေအနေသို့ ရောက်ရှိလာစေခဲ့ပါသည်။

ဒုတိယအနေဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ “ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး” ကို အကျဉ်းတင်ပြနိုင်ရန်အတွက် ရေးသားတင်ပြသူ ဆရာကြီးဦးမြဝင်း၏ “တပ်မတော်၏ အမျိုးသားနိုင်ငံရေး အစဉ်အလာ” စာအုပ်ကို အခြေခံပါမည်။ ဆရာကြီး၏ တင်ပြချက်အရ ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲမည်ဆိုပါလျှင် အခြေခံလိုအပ်ချက် သုံးချက်မှာ -

(၁) အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီသည့် အခြေခံနိုင်ငံရေး လမ်းစဉ်၊

(၂) ပြည်သူတစ်ရပ်လုံးကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းရှိသော ဦးဆောင်နိုင်ငံရေးပါတီနှင့်

(၃) ပြည်သူတစ်ရပ်လုံး၏ ယုံကြည်သက်ဝင်မှုဖြင့် တက်ကြွစွာပါဝင်မှု စသည်ဖြင့် လေ့လာသိရှိရပါသည်။ (Reference 2:pp 39)

မိမိတို့တိုင်းပြည်နိုင်ငံတွင် “ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး” ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ကောင်စီအဆင့်ဆင့်က အုပ်ချုပ်ကာ အာဏာရအစိုးရတစ်ရပ်က နှစ်ပေါင်းများစွာ ဦးစီးဆင်နွှဲခဲ့ပါသော်လည်း တော်လှန်ရေးအောင်မြင်ခြင်းမရှိဘဲ ကျဆုံးခဲ့ရသည်ကို လေ့လာဆန်းစစ် သင်ခန်းစာများ ရယူသင့်ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းသည် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကို ရပ်တန့်၊ အပြီးသတ်စေခဲ့သည့် အရေးအခင်းကြီးဖြစ်ပါသည်။ အာဏာရအစိုးရက ဦးစီးဆောင်ရွက်ခဲ့သည့် တော်လှန်ရေးသည်ပင် အောင်မြင်ခြင်းမရှိခဲ့ပါသဖြင့် မိမိတို့တိုင်းပြည်နိုင်ငံ၏ အခြေအနေသည် တော်လှန်ရေး လုပ်ငန်းစဉ်များကို အသုံးပြုရန် သင့်လျော်ခြင်းရှိ၊ မရှိကိုပါ လေ့လာဆန်းစစ်ပြီး ပြည်သူပြည်သားအားလုံးတို့အား သိမြင်၊ နားလည် သဘောပေါက်လာစေရန် ဖြန့်ဝေပညာပေးသင့်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် တော်လှန်ရေးလုပ်ငန်းစဉ်နှစ်မျိုးတွင် အာဏာရှင်စနစ်၏ အခြေခံသဘောတရားများ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်သုံးအကောင် အထည်ဖော်သည့်နည်းလမ်းများ စသည်ဖြင့် မြောက်မြားစွာ ပါဝင်လျက် ရှိနေပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသားတင်ပြပါမည်။

တတိယအနေဖြင့် တိုင်းရင်းသားတို့၏ “လက်နက်ကိုင် တော်လှန်ရေး” ကို တင်ပြဆွေးနွေးပါမည်။ လက်နက်ကိုင်တော်လှန်ရေးကို တင်ပြဆွေးနွေးခြင်းမပြုမီ မိမိတို့ တိုင်းပြည်နိုင်ငံရှိ နယ်မြေပိုင်းခြား သတ်မှတ်ထားပုံကို လေ့လာတင်ပြပါမည်။ အဘယ့်ကြောင့်ဆိုသော် နယ်မြေပိုင်းခြားသတ်မှတ်သည့် စံချိန်၊ စံနှုန်းများသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကို ဖြစ်ပေါ်လာစေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေစေပါသည်။

ယနေ့ ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရ တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ်ခုနစ်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်ထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခုဖြင့် ဖွဲ့စည်းထားရှိပါသည်။ အများအားဖြင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အချို့ဒေသများသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်မြေများ ထိစပ်လျက်ရှိနေပါသည်။ တစ်ဖန် မိမိတို့တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးများ၏ အခြေအနေကို တင်ပြပါမည်။

အခြေခံအားဖြင့် တိုင်းရင်းသားလူမျိုးကြီးရှစ်မျိုးမှ လူမျိုးစုငယ် ၁၃၅ မျိုးအထိ တည်ရှိနေကြောင်း ဖော်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးတို့၏ အခြေခံသဘောသဘာဝမှာ မိသားစုဝင်ဆွေမျိုးများအဖြစ် သတ်မှတ်ထားလေ့ရှိကြပြီး မိမိတို့၏ ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရခြင်း၊ အေးအတူပူအမျှ စုပေါင်းနေထိုင်ကြရခြင်း၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရခြင်းစသည့် ကောင်းမြတ်သည့်အနေအထားဖြင့် အသက်ရှင်ရပ်တည်ကြရပါသည်။

အထက်ဖော်ပြပါ လူမျိုးကြီးရှစ်မျိုးမှ လူမျိုးကြီးခုနစ်မျိုး၏အမည်များကို အသုံးပြုကာ ပြည်နယ်ခုနစ်ပြည်နယ်၏ အမည်များကို သတ်မှတ်ထားရှိခဲ့ပါသည်။ အဆိုပါ နယ်မြေသတ်မှတ်ခြင်းမှ စတင်ကာ ပြည်နယ်ခုနစ်ပြည်နယ် သတ်မှတ်ရာတွင် ပါဝင်ခြင်းမရှိသည့် လူမျိုးကြီးတစ်မျိုးဖြစ်သည့် ဗမာလူမျိုးနှင့် ကျန်တိုင်းရင်းသားလူမျိုးကြီးများ အကြား၊ တိုင်းရင်းသားလူမျိုးကြီး အချင်းချင်းအကြား၊ တိုင်းရင်းသားလူမျိုးကြီးနှင့် လူမျိုးစုငယ်များအကြား၊ လူမျိုးစုငယ်အချင်းချင်းအကြား စသည်ဖြင့် စိတ်ဝမ်းကွဲမှုများကို ပေါက်ပွားလာစေခဲ့ပါသည်။

အချို့သော တူညီသည့်လူမျိုးစုများသည် အိမ်နီးချင်းနိုင်ငံများတွင်လည်း နေထိုင်လျက်ရှိကြသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့မှာ မိမိတို့တိုင်းပြည်နိုင်ငံအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ မတူညီသည့် နိုင်ငံရေးစနစ်များ၊ လူဦးရေ အဆမတန် ကြီးမားများပြားသည့် နိုင်ငံကြီးများ၊ လူဦးရေထူထပ်သည့်နိုင်ငံစသည်ဖြင့် အမျိုးမျိုးအဖုံဖုံသောအကြောင်းတရားများသည် မိမိတို့တိုင်းပြည်နိုင်ငံအပေါ်တွင် အကျိုးတရားများအဖြစ် တည်ရှိနေပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းတရားများကြောင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာစေခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်ရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ (Ethnic Armed Organization EAOs) ဖွဲ့စည်းကြပြီး EAOs များသည် တိုင်းရင်းသားလူမျိုးကြီး သို့မဟုတ် လူမျိုးစုငယ်များကို အခြေခံပြီး ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ပုံတွင် ဖော်ပြထားချက်အရ EAOs အဖွဲ့အစည်းပေါင်းအနည်းဆုံး ၂၀ ခန့် ရှိနေပါသည်။

စတုတ္ထအနေဖြင့် အမျိုးမျိုးသော “တော်လှန်ရေး” ၊ “တော်လှန်ရေး” ၊ “တော်လှန်ရေး” ကို ရည်ညွှန်းတင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကတည်းကပင် နိုင်ငံရေးအယူဝါဒကို အခြေခံခြင်းဖြင့်သော်လည်းကောင်း၊ တိုင်ရင်းသားလူမျိုးရေးကို အခြေခံခြင်းဖြင့်သော်လည်းကောင်း၊ မြေနယ်နိမိတ်ကို အခြေခံခြင်းဖြင့်သော်လည်းကောင်း၊ အုပ်ချုပ်သည့်မူဝါဒများ၊ အုပ်ချုပ်သူအစိုးရများ၏ အုပ်ချုပ်ပုံအရသော်လည်းကောင်း၊ အုပ်ချုပ်သူခေါင်းဆောင်များ၏ အပြုအမူအကောင်အထည်ဖော် ဆောင်ရွက်မှုများကြောင့်သော်လည်းကောင်း၊ ကျောင်းသူကျောင်းသားများ၊အလုပ်သမားများ၊ လယ်သမားများ၊ အစိုးရဝန်ထမ်းများ၏ အထွေထွေမကျေနပ်မှုများအတွက် အရေးအခင်းများ တစ်နည်းအားဖြင့် တော်လှန်ရေးများ အဆက်မပြတ်အမြောက်အမြား ပေါ်ထွက်လာစေခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

တော်လှန်ရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရခြင်းမှာ သို့မဟုတ် ကျင့်သုံးအကောင်အထည်ဖော်ရခြင်းမှာ တဖြည်းဖြည်း ပြောင်းလဲလျက်ရှိသည့် ဖြစ်ရပ်များသည် ရုတ်ခြည်းပြောင်းလဲလာစေရန် လိုအပ်ချက် သို့မဟုတ် တောင်းဆိုချက်များအရ ဖြစ်ထွန်းပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံစသည်တို့တွင် တော်လှန်ရေးဖြစ်စဉ်များ ပေါ်ပေါက်ပြီး ပြောင်းလဲသွားသည်နှင့်  ပြောင်းလဲလာသည့်စနစ်အပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် အချို့သော တိုင်းပြည်နိုင်ငံများသည် တော်လှန်ရေးလုပ်ငန်းစဉ်ကရရှိခဲ့သည့် အကျိုးကျေးဇူးများကို ခံစား၊ စံစားလျက်ရှိကြပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံအနေဖြင့်မူ လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက စတင်ကာတော်လှန်ရေးပြီး တော်လှန်ရေးဖြစ်နေပြီး တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားအတွက် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်ကျစွာဆောင်ရွက်နိုင်ခြင်းမရှိဘဲ တော်လှန်ရေးထောင်ချောက်တွင် ပိတ်မိနေခဲ့ပါသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင် တော်လှန်ရေးများအဖြစ် မှတ်တမ်းဝင်စေခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်လှန်ရေး ထောင်ချောက်ထဲတွင် ပိတ်မိနေခဲ့ခြင်းသည် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက တာဝန်ယူခဲ့ကြသည့် သို့မဟုတ် အုပ်ချုပ်ခဲ့ကြသည့် အစိုးရများ၏ တာဝန်မကျေပွန်မှု၊ တာဝန်မဲ့မှုများနှင့် တိုင်းပြည်နိုင်ငံတော်ကို မတည်ဆောက်ကြဘဲ တော်လှန်ရေးများ ပြုလုပ်ကာ အာဏာကိုသာ တည်ဆောက်နေခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် အနာဂတ်တွင် အုပ်ချုပ်မင်းလုပ်ကြမည့်အစိုးရများနှင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် နေထိုင်သူအားလုံးတို့အား ဂုဏ်သိက္ခာနှင့် အသက်ရှင်ရပ်တည်နိုင်ပြီး ကြွယ်ဝချမ်းသာစေနိုင်မည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

References: ၁။ ရဲဘော်ဘခက်၊ ဗိုလ်မင်းဒင်နှင့် ရဲဘော်စောလှ (၂၀၁၈)၊ “သခင်သန်းထွန်း နောက်ဆုံးနေ့များ” ၊ တတိယအကြိမ်၊ လွင်ဦးစာပေ (လှည်းတန်း)၊ (ပ + ဒု နှစ်တွဲပေါင်း)။

၂။ မြဝင်း (၁၉၉၂) “တပ်မတော်၏ အမျိုးသားနိုင်ငံရေးအစဉ်အလာ” သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။