ဂါဇာကိုအကူအညီပေးပြီး ဒေသတွင်းသြဇာလွှမ်းမိုးမှုကိုမြှင့်တင်လိုသည့် အီဂျစ်

ဂါဇာကိုအကူအညီပေးပြီး ဒေသတွင်းသြဇာလွှမ်းမိုးမှုကိုမြှင့်တင်လိုသည့် အီဂျစ်
Photo:AFP
Photo:AFP
Published 13 June 2021
ရာဇ

အီဂျစ်နိုင်ငံသည် အစ္စရေးနှင့် ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိစေရန် ကြားဝင်စေ့စပ်ပေးခဲ့မှုကို အရင်းပြုပြီး ဂါဇာဒေသပြန်လည် ထူထောင်ရေးစီမံကိန်းအတွက် ဒေါ်လာသန်း ၅၀၀ သုံးစွဲကာ အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန်ရည်ရွယ်လျက် ရှိသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဟားမာ့စ်အဖွဲ့၏ ရော့ကတ်များဖြင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ၁၁ ရက်ကြာစစ်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဂါဇာဒေသအား ပြန်လည်ထူထောင်ရန် ငွေကြေးထောက်ပံ့ ပေးမည်ဟု အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာ အယ်စီစီက ကတိပြုခဲ့သည်။

အစ္စရေးနှင့် ဟားမာ့စ်အကြား မေ ၂၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိစေရန် ကြားဝင်စေ့စပ်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် အယ်စီစီသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် နိုင်ငံတကာ၏ ချီးကျူးများကို ရရှိခဲ့သည်။

ဂါဇာအား အကူအညီပေးမည့်စီမံချက်သည် အီဂျစ်ကုမ္ပဏီများက လုပ်ဆောင်မည့် ဆောက်လုပ်ရေးပုံစံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခဲ့ရပြီး နောက်ပိုင်း ပြည်တွင်းတွင် ထောက်ခံမှုရရှိစေရန် လုပ်ဆောင်သည့် အယ်စီစီ၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။

အယ်စီစီသည် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် ကိုင်ရိုနှင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးစီမံကိန်းများ၊ မိုးပျံတံတားများနှင့် အဝေးပြေးလမ်းမများကဲ့သို့ အခြေခံအဆောက်အအုံ စီမံကိန်းအကြီးစားများအတွက် စစ်တပ်၏ အင်ဂျင်နီယာအဖွဲ့ကို အသုံးပြုခဲ့သည်။

“အယ်စီစီဟာ ဂါဇာဒေသပြန်လည် ထူထောင်ရေးအတွက် ဆောက်လုပ်ရေး အထောက်အပံ့ပေးမှုကို ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် ယူဆထားတာကို သံသယဖြစ်စရာမရှိပါဘူး။ အပြန်အလှန်အနေနဲ့ ဂါဇာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နိုင်ငံရေးအရ လွှမ်းမိုးမှုကို ပြန်လည်ရရှိအောင် လုပ်ဆောင်တာမျိုးဖြစ်ပါတယ်” ဟု အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးပညာရှင် တစ်ဦးဖြစ်သည့် ဆာရာစမီယာဆစ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အီဂျစ်သည် ဂါဇာနှင့်ထိစပ်နေသည့် ၎င်း၏ရာဖာနယ်စပ်ကို လုံခြုံရေးတင်းကျပ်စွာချထားသည်။ ယင်းနယ်စပ်သည် ဂါဇာဒေသအတွက် ပြင်ပကမ္ဘာသို့ ဝင်နိုင်၊ထွက်နိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပြီး ကျန်သည့်နယ်စပ်များကို အစ္စရေးက ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့သည်။

အစ္စရေးနှင့်ဟားမာ့စ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ချိန်က အီဂျစ်သည် ယင်းရာဖာနယ်စပ်ကိုဖွင့်ပေးခဲ့ကာ ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်းများကို အီဂျစ်ဆေးရုံများတွင်  ဆေးဝါးကုသပေးခဲ့သည်။

“အီဂျစ်ရဲ့ အကူအညီပေးမယ်ဆိုတဲ့ ကတိစကားဟာ ပါလက်စတိုင်းတွေကြားမှာ လွှမ်းမိုးနေပါလိမ့်မယ်” ဟု ကိုင်ရိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ မူစတာဖာခါမဲလ်အယ်ဆေးယစ်က ပြောကြားခဲ့သည်။

“ဆောက်လုပ်ရေးအထောက်အကူဟာ အီဂျစ်အတွက် ဒေသတွင်းလွှမ်းမိုးမှုကို ရရှိစေမယ့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်ဆံရေးပျော့ပျောင်းလာမှု

အီဂျစ်၏ ယင်းလှုပ်ရှားချက်သည် ကာတာနှင့် တူရကီတို့ကဲ့သို့ ၎င်း၏ရန်ဘက်များနှင့် ဆက်ဆံရေး ပျော့ပျောင်းလာစေခဲ့သည့် အကြောင်းချင်းရာများအနက်တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။

ထို့အတူ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ဖြုတ်ချခဲ့သည့် အယ်စီစီဦးဆောင်သည့် စစ်အာဏာသိမ်းမှုပြီးနောက် ၂၀၁၃ ခုနှစ်တွင် တရားမဝင်ကြောင်းကြေညာခဲ့သည့် Muslim Brotherhood နှင့် ဟားမာ့စ်အကြားမှ ဆက်ဆံရေးကိုလည်း အီဂျစ်အစိုးရက ထည့်သွင်းစဉ်းစားလျက်ရှိသည်။

၂၀၀၇ ခုနှစ်တွင် ဟားမာ့စ်အဖွဲ့က ၎င်းတို့သည် Muslim Brotherhood နှင့် ဆက်ဆံမှုမရှိတော့ကြောင်း ကြေညာခဲ့ပြီးနောက်မှသာ အီဂျစ်သည် ဟားမာ့စ်အဖွဲ့အပေါ်ထားရှိသည့် ၎င်း၏သဘောထားကို ပြောင်းလဲခဲ့သည်ဟု ဆေးယစ်က ဆိုသည်။

ထို့နောက် အီဂျစ်သည် ဟားမာ့စ်အဖွဲ့နှင့် ၎င်း၏ပြိုင်ဘက်ဖြစ်သည့် အနောက်ဘက်ကမ်းဒေသမှ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ထိန်းချုပ်ထားသည့် ဖာတာအဖွဲ့တို့ကြား ပြန်လည်ရင်ကြားစေ့ရေးကို အစမ်းသဘောမျိုးဖြင့် ဝင်ရောက်စေ့စပ်ပေးခဲ့သည်။

“ဆောက်လုပ်ရေး အထောက်အပံ့ဟာ အီဂျစ်ကို ဟားမာ့စ်ရဲ့ လက်ခံနိုင်ဖွယ်ရှိတဲ့ မိတ်ဖက်တစ်ဦးဖြစ်စေပါလိမ့်မယ်။ပြီးတော့ မကြာမီကာလအတွင်းမှာ ဟားမာ့စ်အဖွဲ့ကလည်း နယ်စပ်လုံခြုံရေးအတွက်အီဂျစ်ကို အကူအညီပေးပါလိမ့်မယ်” ဟု ဆေးယစ်က ပြောကြားခဲ့သည်။

ဟားမာ့စ်သည် တည်ငြိမ်မှုမရှိသည့် မြောက်ဆိုင်းနိုင်းပြည်နယ်ရှိ သောင်းကျန်းသူများအား နယ်စပ်ရှိမြေအောက်လှိုဏ်ခေါင်းများမှတစ်ဆင့် လက်နက်များမှောင်ခိုတင်ပို့ပေးနေသည်ဟု အီဂျစ်နိုင်ငံက နှစ်ပေါင်းများစွာကြာ စွပ်စွဲခဲ့သည်။

သို့သော်လည်း အီဂျစ်သည် ၎င်း၏အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည့် ဟားမာ့စ်ကို ၎င်းဘက်ပါစေရန် ကူညီထောက်ပံ့မှုများဖြင့် စည်းရုံးဖွယ်ရှိနေသည်ဟု စမီယာဆစ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အီဂျစ်သည် ဂါဇာဒေသသို့ ကရိန်းကားများ၊ မြေတူးစက်များနှင့် ထရပ်ကားများပါဝင်သည့် ကူညီထောက်ပံ့ရေးယာဉ်တန်းကိုစေလွှတ်ခဲ့ပြီး ဂါဇာတွင် ပြန်လည်ထူထောင်ရေးအတွက် မြေပြင်အနေအထားကို ပြန်ဆင်ရန် စီစဉ်ပေးခဲ့သည်။

သို့သော်လည်း ဂါဇာတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မည်သည့်ကုမ္ပဏီများကို လုပ်ဆောင်ခွင့်ပေးခဲ့သည်ဆိုသည့် အချက်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

“ဂါဇာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အီဂျစ်နိုင်ငံထဲက ဘယ်ကုမ္ပဏီတွေကို လုပ်ဆောင်ခွင့်ပေးခဲ့လဲဆိုတာ သမ္မတရုံးက မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမယ့် စစ်တပ်ကပိုင်တဲ့ ကုမ္ပဏီတွေကတော့ ဒီဆောက်လုပ်ရေးစီမံကိန်းတွေကို လုပ်ပိုင်ခွင့်ရမှာသေချာပါတယ်” ဟု စမီယာဆစ်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဂါဇာပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို ကိုင်ရိုတွင် လာမည့်ရက်ပိုင်းများအတွင်း ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ဒေသတွင်းမှ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်သည်။

ငွေကြေးအရင်းအနှီး

အီဂျစ်နိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အဆောက်အအုံ ကန်ထရိုက်တာများအဖွဲ့ချုပ်၏ အကြီးအကဲ မိုဟာမက် ဆာမီကမူဂါဇာတွင် လုံခြုံရေးအခြေအနေတည်ငြိမ်မှု မရှိသေးသရွေ့ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

“ဂါဇာမှာ လုပ်သားအင်အားအများကြီး ရှိပါတယ်။ ဆောက်လုပ်ရေးတွေလုပ်မယ်ဆိုရင် သူတို့ဝင်မလုပ်ဘဲနေမယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ဆာမီက ဆိုသည်။

အီဂျစ်တွင် ၂၀၁၆ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့သည့်အစိုးရ၏ ခြိုးခြံချွေတာရေးစီမံချက်များကို ငြီးငွေ့နေသည့် အီဂျစ်ပြည်သူအချို့ကမူ ဂါဇာတွင် အယ်စီစီ၏ ကူညီထောက်ပံ့ရေးစီမံချက်အပေါ် သံသယရှိနေကြသည်။

“ဒီလောက်အများကြီး ကူညီပေးဖို့ မကောင်းပါဘူ။ ကျွန်တော်တို့ပြည်သူတွေဟာ ကျွန်တော်တို့ဘဏ္ဍာငွေနဲ့ ပိုပြီးထိုက်တန်ပါတယ်” ဟု Twitter အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြခဲ့သည်။

ထို့အတူ အခြားလူမှုမီဒီယာများတွင်လည်း အယ်စီစီ၏ ကူညီထောက်ပံ့ရေး အစီအစဉ်အပေါ် ထောက်ခံရေးသားသူများလည်း ရှိနေသည်။

“ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာသန်း ၅၀၀ လျာထားတာဟာ တော်တော်အံ့သြဖို့ကောင်းတဲ့အချက်ပါပဲ။ အရေးအကြီးဆုံးကတော့ ငွေကြေးတွေဟာ အီဂျစ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေလို့ အီဂျစ်ကုမ္ပဏီတွေ၊ လုပ်သားတွေနဲ့ ထုတ်ကုန်တွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု Facebook အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြခဲ့သည်။