မိုးစပါးတစ်ခုတည်းကိုသာ အားကိုးနေရသည့် မြိတ်ဒေသတွင် တစ်လလျှင် ဆန်တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းခန့် တခြားတိုင်းဒေသကြီးများမှ တင်သွင်းနေရကြောင်းသိရ

မိုးစပါးတစ်ခုတည်းကိုသာ အားကိုးနေရသည့် မြိတ်ဒေသတွင် တစ်လလျှင် ဆန်တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းခန့် တခြားတိုင်းဒေသကြီးများမှ တင်သွင်းနေရကြောင်းသိရ
Published 10 June 2021
ဇော်မိုးဦး(မြိတ်)

မိုးစပါးတစ်တည်းကိုသာ အားကိုးနေရသည့် မြိတ်ဒေသတွင် တစ်လလျှင် ဆန်တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းခန့်ကို တခြားတိုင်းဒေသကြီးများမှ တင်သွင်းနေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဆည်ရေသောက်ဧရိယာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် မိုးစပါးတစ်ခုတည်းကိုသာ စိုက်ပျိုးနေရပြီး တစ်လလျှင် မြိတ်ဒေသတစ်ခုတည်းမှ ဆန်အိတ်ရေ တစ်သိန်းကျော် တင်သွင်းနေရကြောင်း သိရသည်။

စပါးအထွက်တိုးရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရန်ကြိုးစားနေပြီး လယ်သမားများမှာ အထွက်နှုန်းတိုးလာသည့် ပြန်လည်စိုက်ပျိုးလာကြကြောင်း သိရသည်။

“တစ်လကို ရန်ကုန်ကနေ ကျွန်တော်တို့ ဆန်ဝယ်ယူနေရတာ ကျပ်သိန်းနှစ်သောင်းလောက်ရှိတယ်။ ကျွန်တော်တို့ စိုက်ပျိုးနိုင်ရင် ဒါတွေကကျွန်တော်တို့ဒေသက လူတွေရမယ့်အရာပါ၊  စပါးနှင့်ပတ်သက်ပြီး ကျွန်တော်တို့လည်း မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးပါတယ်။ယခင်ကတစ်ဧကကို တင်း ၄၀ လောက်ရ နေရာကနေ အခုဆိုရင် တစ်ဧကကိုတင်း ၈၀ လောက်ရလာတယ်၊ သူတို့အတွက်လည်း ဝင်ငွေကောင်းလာတယ်။ လယ်ယာစိုက်ပျိုးဖို့ တွက်ချက်ကိုက်လာတော့ ပိုပြီးလုပ်လာကြတယ်” ဟု မြိတ်ခရိုင် ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွေးဝေ(ခ)ဦးမောင်ထွေးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့မှာ လူဦးရေအများဆုံးနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ဆန်စပါးလိုအပ်ချက်များနေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြိတ်ဒေသကစီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ တခြားဒေသကလူတွေလာရောက် အခြေချနေထိုင်ကြတာများပါတယ်။ လူဦးရေအားဖြင့် ၂၀၁၉-၂၀၂၀ ကိန်းဂဏန်းအရ  သုံးသိန်းခန့်နေထိုင်ကြပါတယ်၊ ကျွန်တော်တို့ဆီမှာ မိုးစပါးစိုက်ဧကအနေဖြင့် ၄၂၄၉၃ ဧက စိုက်ပျိုးပါတယ်၊ဒေသဝမ်းစာဖူလုံရေးအနေနှင့်ကတော့ ၇၆ ရာခိုင်နှုန်းရှိပါတယ်။ဒေသဝမ်းစာဖူလုံရေးအတွက် မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်းတိုးတက်စေဖို့ မျိုးကောင်းမျိုးသန့်ထုတ် လုပ်ရေးလုပ်ငန်း၊ထွက်ရှိလာတဲ့မျိုးကောင်းမျိုးသန့်တွေကို တောင်သူတွေလက်ဝယ်အရောက်ပေးပို့ဖို့ စိုက်ပျိုးဖို့၊ နောက်တစ်ခုက မျိုးသန့်စံပြကျေးရွာတွေ ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်၊ တနင်္သာရီတိုင်းဒေသကြီးရဲ့ အားနည်းချက်ကတော့ ကျွန်တော်တို့ဆီမှာ ဆည်ရေသောက် စိုက်ပျိုးလယ်ယာတွေမရှိပါဘူး၊မြိတ်မြို့မှာလည်း ဆည်ရေသောက်လယ်ယာတွေမရှိတဲ့အတွက် သဘာဝမိုးရေကိုသာ အားထားစိုက်ပျိုးနေရတယ်၊ ဒါကြောင့်မိုးစပါးတစ်ခုတည်းသာ ထွက်ရှိတာပါ၊ တစ်ကယ်လို့ ဆည်ရေသောက်ဧရိယာတွေရှိခဲ့ရင် ဒေသဝမ်းစာဖူလုံရေးကိုကာမိစေမှာပါ” ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောကြားသည်။

မြိတ်ခရိုင်အတွင်းစပါးစိုက်ဧကမှာ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး နှစ်စဉ်သဘာဝမှရရှိသည့် မိုးရေကိုသာ အားထားစိုက်ပျိုးနေရကြောင်းသိရသည်။    

Most Read

Most Recent