အပူများနှင့် ကခုန်ခြင်း

အပူများနှင့် ကခုန်ခြင်း
ဓာတ်ပုံ-သီဟအောင်
ဓာတ်ပုံ-သီဟအောင်
Published 1 June 2021

(၁)

အပူတွေဟာ ဆူပွက်နေပါရော့လား။ ထိုင်မရ၊ ထမရ၊ အိပ်မရ၊ ပြုမရနဲ့ အတော်လေး နေသားမကျတဲ့ နေ့ညများလို့ ဆိုရမလိုပါပဲ။ “နေ” မရပေမဲ့ “သေ” လို့တော့ ရတယ်တဲ့။ နေပူကြီးထဲ ဆိုက်ကားနင်းနေတဲ့ ဦးလေးကြီးက ခေါင်းရွက်ဗျပ်ထိုး စျေးသည်ကောင်မလေးကို အော်ပြောသွားလေရဲ့။ ရေကြည်တစ်ပေါက်နဲ့ အတွင်းအပူ၊ အပြင်အပူတွေဟာ ဘယ်လိုမှ မကင်းပျောက်နိုင်ပါဘူး။ တချို့တချို့ အအေးထဲမှ ပုဂ္ဂိုလ်များကို တချို့တချို့ အပူထဲမှ ပုဂ္ဂိုလ်များက ငေးလို့ရယ်ပါ။ ပါးစပ်ကတော့ ဘာဆို ဘာသံမှ ထွက်ခြင်းပြုခြင်း မရှိကြပါဘူး။ ပါးစပ်အဟောင်းသားနဲ့ ငေးနေခြင်းကိုက အာသာပြေ အိုအေစစ်ထဲ ရောက်နေစေရော့သလား။ စိမ့်အေးနေစေရော့သလား။

နီပေ့ ရဲပေ့ သစ္စာပန်းများကို ဘုရားပန်းအိုးထဲ ရဲရဲထိုးလိုက်ပါတယ်။ တကယ့် တကယ်တော့ ဘုရားထံ ကပ်လှူခြင်းပါပဲ။ မှန်ထဲ သေသေချာချာ သတိထားကြည့်မိတော့မှ  မျက်ခွံတွေ မို့လို့၊ နီလို့၊ ရဲလို့။ အပူကြောင့် ထခုန်နေတဲ့ သစ္စာတရားတွေလို့တော့ စာမဖွဲ့ရက်ပါဘူး။ မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်၊ ယပ်တဖျပ်ဖျပ် ခတ်လိုက်၊  ရယ်လိုက်၊ မောလိုက်နဲ့ သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နေကြရတာကိုက ဘဝကြီးလို့ ဆိုကြတာ မဟုတ်ပါလား။

သူတစ်ချက် ကိုယ်တစ်ချက်၊ ဘတစ်ပြန် ကျားတစ်ပြန် ဘယ်လိုပဲ ချရဲတယ်ဆိုဆို အသက်ကို ဖက်နဲ့ ထုပ်လိုက်တော့မှ စိတ်မျက်နှာကြက်ဟာ လင်းထိန်လာတော့တယ်။ မြင်တာကို မြင်တယ်မှတ်၊ သိတာကို သိတယ်မှတ်၊ ကြားတာကို ကြားတယ်မှတ်နဲ့ အမှတ်တံခါးကို ဖွင့်ပေးထားလိုက်ပါတယ်။ လေကောင်းလေသန့်ကလေးများ တဖွဲဖွဲတိုးဝင်လာခဲ့ရင် အပူဒဏ်ကို ဝင်တိုးနိုင်မှာလား။ မီးခွက်မှိန်မှိန်နဲ့ အိမ်ပြန်ချိန် စစ်စစ်တွေကို လှမ်းမျှော်ကြည့်တိုင်း သက်ပြင်းချသံတွေပဲ တဝူးဝူးနဲ့ ကြားနေရတယ်။ နားခလုတ်တွေကို အသေအချာ ဖွင့်ထားခဲ့တာပါ။ ဘယ်လိုများ ဖြစ်တာပါလိမ့်။

(၂)

အရိုးပြိုင်းပြိုင်း ထနေတဲ့ အခိုးအငွေ့တွေဟာ နွေရဲ့ အဓိက ကျောရိုးဆစ်တွေပါပဲ။ သက်ကြီးရွယ်အိုတွေဆို ရေလေးတစ်မှုတ် ချိုးလိုက် မြည်တွန် တောက်တီးလိုက်နဲ့ အပူဒဏ်ကို နိုင်သလောက် ဖောက်ခွဲနေကြတာပါပဲ။ လက်ကျန် နွေရက်များရဲ့ အမှုသွားအမှုလာအတွက် ဘယ်လိုရှေ့နေမျိုးကို ငှားသင့်ပါသလဲ။ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် အဖြစ်မျိုးလည်း ဘယ်သူကမှ မဖြစ်ချင်ဘူးလေ။ တစ်လှေတည်းစီး တစ်ခရီးတည်း သွားကြတဲ့အခါ သူ့ဝဋ်ဒုက္ခနဲ့ ကိုယ့်ဝဋ်ဒုက္ခတွေဟာ မခွဲအတူ ဖြစ်သွားကြတာပါပဲ။ ခြေသံတလျှပ်လျှပ်နဲ့ လွင့်မျောရင်း ဘာကိုမှ အစိုးမရပါဘူးဆိုတာ နားလည်လာကြသတဲ့။  အဘယ်ကဲ့သို့သော အဆိုးတွေ နေပြောက်ထိုးနေတာလဲ ဆိုပြီး ပဟေဠိဝှက်တမ်း ကစားလိုက်တိုင်း စိတ်အဇ္ဈတတွေ အစဉ်မပြတ် စီးဆင်းနေတော့တယ်။

ဆံပင်တွေ အရှည်ထားရင်း ထားရင်းနဲ့ တစ်စတစ်စ ခင်တွယ်လာတယ်။ အပူတွေကို တစ်စတစ်စ အရှည်ထားရင်ရော ကပ်ငြိခင်တွယ်လာမယ် ထင်ရဲ့လား။ ခေတ်စကားနဲ့ ပြောရရင် ဆုတောင်းလေပေါ့။ ဖားလောင်းပဲ ဖြစ်ဖြစ်၊ ငါးလောင်းပဲ ဖြစ်ဖြစ် ရှင်သန်နေထိုင်မှုအပေါ် တပ်မက်စိတ်ကလေးတော့ ရှိကြတာပါပဲ။ စေ့စေ့တွေးကြည့်ရင် တပ်မက်စိတ်တွေကို တူးဆွရင်း တစ်စုံတစ်ခု တွေ့များ တွေ့လေမလားလို့ စိတ်ရှည်နေကြတာချည်းပါ။ မညာချင်စမ်းပါနဲ့။ နုန်းတင်ကျန်မှပဲ သဲသောင်ပြင်ဆိုတာ ဖြစ်လာတာပါ။

ကားပြတင်းပေါက်က ငေးကြည့်ရင်း ပျောက်ပျောက်သွားတဲ့ ရှုမျှော်ခင်းတွေဟာ လွမ်းဖို့ကောင်းပါတယ်။ အာဘော်တွေကို ဖော်ထုတ်မယ် လုပ်ကြရင်း ကယ်ပါ ယူပါ တစာစာနဲ့ အော်ပါတော့တယ်။ လက်သည်ချည်းပဲ အားကိုးလို့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ညှစ်အားကို အားကိုးရာ ပုံစံအသစ် တစ်မျိုးအနေနဲ့ မြင်ကြည့်လို့ ရပါတယ်။ ဘယ်သူက အပြစ်ဆိုရဲမှာလဲ။ ဝမ်းစာပြည့်ဝမှုနဲ့ ဉာဏ်ရည်မြင့်မားမှုကို ချိန်ခွင်လျှာ ညီမျှအောင် ဘယ်လိုထည့်ထည့် တစ်ဖက်မြင့်တော့ တဖက်နိမ့်တယ်။ တစ်ဖက်နိမ့်တော့ တစ်ဖက်မြင့်တယ်။ ဒီတော့လည်း သမာဓိချိန်ခွင်ကိုသာ အာသာငမ်းငမ်း ရှာနေမိတော့တယ်။ သမာဓိချိန်ခွင်ကို ရှာမတွေ့ရလေအောင် အဘယ်နတ်ဘုရားကများ လုံလုံခြုံခြုံ ဝှက်ထားတာပါလိမ့်။

(၃)

ခေတ်တွေ ဘယ်လိုပြိုင်ပြိုင် မပြိုင်ချင်တော့ပါဘူး။ ပြိုင်ချင်စိတ်လည်း ရှိမှ မရှိဘဲလေ။ အနိုင်ရကိုရမှ ဆိုတော့  အာခေါင်ခြစ်ပြီးပဲ အော်နေရတော့တာပေါ့။ ဆရာ့ဆရာကြီးတွေ ပြောကြတာတော့  စနစ်နဲ့ ခေတ်ဆိုတာ မျဉ်းပြိုင်တွေပါတဲ့။ ဘယ်လက္ခဏာထည့်ပြီး ဘယ်သီအိုရမ်နဲ့ တွက်ရမှာလဲ။ လက္ခဏာလည်း မထည့်တတ်၊ သီအိုရမ်လည်း မသိတော့ စာမေးပွဲခန်းထဲ ခေါင်းကုတ်နေရတဲ့ ကျောင်းသားအလားပေါ့။ အချိန်သာ စေ့သွားတယ်။ အဖြေက ဗလာရယ်၊ နတ္ထိရယ်သာ။ ဖျာအနားသတ်မှာ ပိုးဟပ်တစ်ကောင် မတ်တတ်ရပ်နေတယ်။ တစ်စုံတစ်ယောက်က လူပြိန်းကြိုက် ထမေးတယ်။ ဘယ်အစာဟပ်မှာလဲတဲ့။

ရေသေနတ်နဲ့ ပစ်တယ်။ လေသေနတ်နဲ့ ပစ်တယ်။ အပူတွေလည်း မကျသွားဘူး။ အေတီအမ်စက်မှာ တန်းစီနေတယ်။ ရွှေဆိုင်တွေမှာ တန်းစီနေတယ်။ တန်းစီဇယားမှာ နံပါတ်ဘယ်လောက်လဲ ရေတွက်ရင်း အပူတွေနဲ့ရောပြီး တန်းဆင်းဇုန်ဆိုတာကို  ရောသမမွှေ တွေးတောနေကြတာပါပဲ။ ရာခိုင်နှုန်းတွေ တရိပ်ရိပ်တက်ပြီး စားပိုးနင့်အောင် စားနေကြတာ ခေတ်သစ်ကမ္ဘာကြီးထဲ ဇူဇကာပုဏ္ဏားတွေ ခပ်များများရယ်ပါလားဟု ရယ်သွမ်းသွေးမိပါတယ်။ ခေတ်သစ် ဝေသန္တရာတွေလည်း မရှိဘူး မဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ လည်ပတ်ရပ်တည် ပေးကမ်းစွန့်ကြဲနေကြတာပါပဲ။

တဘောင်တဲ့။ ကောလာဟလတဲ့။ ဆိုက်ဝါးတဲ့။ အမျိုးမျိုး ပြောသံကြားရပါတယ်။ အောက်ပါ အကြောင်းအရာများကို စာစီကုံးပါဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်လို့ရနိုင်မလား သိချင်မိပါရဲ့။ ပူလောင်လွန်းလို့ ညဘက်မှာ “ဒု၊ သ၊ န၊ သော”ဆိုပြီး အသံနက်နက်နဲ့ ဟစ်ကြွေးအော်နေကြတဲ့ ငရဲသားတွေရဲ့ အသံကို ကြားကြပါရဲ့လား။ ငရဲမကြောက်ဘဲ သဲသောင်ပြင်ပေါ် ခရုကောက်မယ် ဆိုသူတွေ က အံမလေး ဒုနဲ့ဒေးပါလား။ အိုဘယ့် အိုဘယ့် အံ့ဖွယ်အတိပါလား။

(၄)

ပြဇာတ်ထဲ လမ်းမကြီးများကို ဖြောင့်ဖြူး ပြထားပါတယ်။ ပုရွက်ဆိတ်တွေ ဒိန်ခဲကို မနိုင့်တနိုင် ကိုက်ချီထားနေပါရော့လား။ လမ်းပေါ်မှာ၊ လမ်းထဲမှာ၊ လမ်းလယ်မှာ။ လမ်းပေါ်မှာ လျှောက်ပြီး လမ်းပေါ်မှာ ပျောက်ရအောင် ချာလီလည်း မဟုတ်တော့ အတော်ခက်ပါတယ်။ မြို့ပြကြီးရဲ့ စားကြွင်းစားကျန်တွေ ကြားထဲ ကြွက်တွေကတော့ အပျော်ကြီး ပျော်နေကြပါတယ်။ ပြုံးလို့ ပျော်လို့။ ဝလို့ဖြီးလို့။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့သွားတာ ကောင်းရဲ့လား။ ဒါမှမဟုတ် လေးလေးနေ လေးလေးစား လေးလေးသွားတာ ကောင်းရဲ့လား။ ချောက်ကမ်းပါး အစွန်းရောက်နေသူတွေအတွက်တော့ ဘယ်လိုနေနေ ရင်ထိတ်စရာပါပဲလေ။

ရွက်ကြမ်းရေကျိုပင် ဖြစ်စေဦးတော့ ကင်ဆာဆိုတဲ့ သဘောကိုက ပွားမှာပဲလေ။ ဒါနဲ့ အပူတွေရော ဆပွားဆပွား ပွားတတ်ပါသလား။ ရောက်တတ်ရာရာ တွေးနေမိတော့တယ်။ အပူငြိမ်းဆေး တစ်ထုပ် လမ်းဘေး ကွမ်းယာဆိုင်မှာ ငုတ်တုတ်ပါလား။ သူလည်း ပူလွန်းလို့ ထင်ပါရဲ့။ မှိုင်လို့ ၊ တွေလို့။ မဆီမဆိုင် ကိုယ်ချင်းစာကြည့်တာပါ။ အပူငြိမ်းဆေး အထုပ်ထဲ ချွေးများ သီးနေလေမလား။ ဒီလိုသာဆို သူတကာရဲ့ ရင်ထဲကို ဘယ်လိုများ အပူငြိမ်းအောင် လုပ်ပေးမှာပါလိမ့်။ အပူငြိမ်းငြိမ်း၊ မငြိမ်းငြိမ်းပါ အပူငြိမ်းဆေး အထုပ်ပေါ် က စာရိုက်စာလုံး ဖောင်းကြွဒီဇိုင်းကတော့ အမှိုက်ပုံထဲ ရောက်တဲ့တိုင်အောင် ကြွမြဲ၊ ကြွဆဲဖြစ်နေဦးမှာ သေချာနေပါတော့တယ်။