ယူရိုပြိုင်ပွဲအပြီးတွင် အနည်းဆုံး(၆)လခန့် အနားယူပြီးမှ အနာဂတ်အတွက် စဉ်းစားသွားမည်ဟု ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုး ပြောကြား

ယူရိုပြိုင်ပွဲအပြီးတွင် အနည်းဆုံး(၆)လခန့် အနားယူပြီးမှ အနာဂတ်အတွက် စဉ်းစားသွားမည်ဟု ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုး ပြောကြား
Photo: footballespana
Photo: footballespana
Published 31 May 2021

ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းနှင့် လမ်းခွဲတော့မည့် နည်းပြ ယော်ကင်လိုးက အနာဂတ်အတွက် အလျင်စလိုဆုံးဖြတ်မည် မဟုတ်ဘဲ ပြိုင်ပွဲအပြီးတွင် အနည်းဆုံး(၆)လခန့် အနားယူပြီးမှသာ စဉ်းစားသွားမည်ဟု ပြောကြားခဲ့သည်။

ယော်ကင်လိုး(၆၁ နှစ်)သည် ဂျာမနီလက်ရွေးစင်အသင်းကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကိုပါ ထည့်တွက်ပါက အဓိကပြိုင်ပွဲ(၈)ခု ရင်ဆိုင်ဆင်နွှဲရသူ ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့် ယော်ကင်လိုးကို ရီးယဲလ်နှင့် ဘာစီလိုနာအသင်းအပါအဝင် ထိပ်သီးကလပ်အသင်းများက နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော်  သြစတြီးယားနိုင်ငံတွင် ယူရိုပြိုင်ပွဲအကြို စခန်းဝင်လေ့ကျင့်မှုပြုလုပ်နေသည့် ယော်ကင်လိုးက ''ကျွန်တော်က ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့အတူ (၁၇)နှစ်ဝန်းကျင် လက်တွဲခဲ့တာပါ။ ဒီအတွက် ကျွန်တော့်ရဲ့စိတ်ကို အချိန်ကာလတစ်ခုအထိ အနားပေးဖို့ လိုအပ်ပါတယ်။ အသင်းသစ်ကို မရွေးချယ်ခင် အနည်းဆုံး(၆)လလောက် အနားယူသွားမှာပါ။ လောလောဆယ် ဂျာမနီလက်ရွေးစင်အသင်းနဲ့ နောက်ဆုံးပြိုင်ပွဲအကြောင်းကိုပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်၊ ဘာစီလိုနာအသင်းတို့၏ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးနေကြခြင်းနှင့် ပတ်သက်၍လည်း ''ကျွန်တော့်ကို ဘယ်အသင်းကမှ မဆက်သွယ်သေးပါဘူး။ ဒီနွေရာသီမှာ ကလပ်အသင်းတစ်သင်းကို ကျွန်တော် ကိုင်တွယ်ဖြစ်မှာ မဟုတ်သေးပါဘူး။ ကျွန်တော့်ရဲ့ အစီအစဉ်က မပြောင်းလဲပါဘူး''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent