ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဖလား ရရှိရန် အဓိကနေရာမှ ခြေစွမ်းပြခဲ့သည့် ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ကွန်တေကို နှစ်ရှည်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ကွန်တေသည် အသက်(၃၀)ရှိပြီဖြစ်သလို၊ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသော်လည်း ချယ်လ်ဆီးအသင်းက ကစားသမားဘဝ အဆုံးသတ်သည်အထိ အသင်းတွင် ဆက်ထိန်းထားရန် လိုလားနေကြောင်း သိရသည်။
ကွန်တေသည် ယခုရာသီ၌ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၄၈)ပွဲ ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်အောင်ပွဲ ရယူရာတွင် အရေးအပါဆုံးကစားအဖြစ် သတ်မှတ်ခံနေရသည်။
ကွန်တေသည် လက်ရှိအချိန်တွင် ချီးကျူးဂုဏ်ပြုမှုများစွာရရှိနပြီး Ballon d'Or ဆုကို မျှော်မှန်းနိုင်သူအဖြစ်ပင် သုံးသပ်မှုများလည်း ရှိနေသည်။
ယင်းအခြေအနေတွင် ချယ်လ်ဆီးအသင်းက ၎င်းကို သက်တမ်းတိုးရန် စီစဉ်သည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲ မစတင်မီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
ကွန်တေသည် ၂၀၁၆ ခုနှစ်တွင် လက်စတာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၁၈)ပွဲ ကစားအပြီးတွင် ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် FA ဖလားများကို ရယူနိုင်ခဲ့သည်။















