ကုလသမဂ္ဂမူကြမ်းပါ လက်နက်ရောင်းချမှုပိတ်ပင်သည့် စာသားဖြုတ်ပေးရန် အာဆီယံ ကိုးနိုင်ငံက ဆန္ဒရှိနေခြင်းမှာ တပ်မတော်နှင့် ဆွေးနွေးမှုလမ်းကြောင်းများ ပွင့်နေစေရန်ဖြစ်ဟု Straits Times သတင်းတစ်ရပ်၌ ဖော်ပြ

ကုလသမဂ္ဂမူကြမ်းပါ လက်နက်ရောင်းချမှုပိတ်ပင်သည့် စာသားဖြုတ်ပေးရန် အာဆီယံ ကိုးနိုင်ငံက ဆန္ဒရှိနေခြင်းမှာ တပ်မတော်နှင့် ဆွေးနွေးမှုလမ်းကြောင်းများ ပွင့်နေစေရန်ဖြစ်ဟု Straits Times သတင်းတစ်ရပ်၌ ဖော်ပြ
Published 31 May 2021
Ref: Straits Times

မြန်မာတပ်မတော်ကို လက်နက်ရောင်းချမှုပိတ်ပင်ရန် ဆော်သြထားသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းပါ စာသားကိုဖြုတ်ပေးရန် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ကိုးနိုင်ငံက ဆန္ဒရှိနေသည်။

 

လက်နက်ရောင်းချမှုပိတ်ပင်ရန် တောင်းဆိုထားသည့် စာသားဖယ်ရှားရေး အဓိကအကြောင်းပြချက်မှာ တပ်မတော်နှင့် စေ့စပ်ဆွေးနွေးမှုပြုလုပ်ရေး လမ်းကြောင်းများ ပွင့်နေစေရန် အာဆီယံ၏ လိုအပ်ချက်အရ ဖြစ်သည်ဟု သိရသည်။

 

မြန်မာနိုင်ငံကိုလက်နက်များနှင့် ခဲယမ်းများ လွှဲပြောင်းပေးခြင်း သို့မဟုတ် ရောင်းချခြင်းများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုထားသော စာကြောင်းကိုဖြုတ်ပေးရန် အခြားနိုင်ငံ ၅၀ နီးပါး၏ ထောက်ခံမှုနှင့် လက်ချင်စတိန်းနိုင်ငံက ရေးဆွဲခဲ့သော ဆုံးဖြတ်ချက်မူကြမ်းကို တုံ့ပြန်သည့်ပေးစာတစ်စောင်တွင် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက တောင်းဆိုထားခြင်းဖြစ်သည်။

 

ဆုံးဖြတ်ချက်မူကြမ်းသည် လက်ရှိရေးထားသည့််ပုံစံနှင့် အထူးသဖြင့် ဒေသတွင်း၌ တိုက်ရိုက်သက်ရောက်နေသည့် နို်င်ငံအားလုံး၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရန် မဖြစ်နိုင်ကြောင်း မေ ၁၉ ရက်နေ့စွဲဖြင့် ပေးစာကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

 

အထူးသဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ယခုအခါ စေ့စပ်ညှိုနှိုင်းမှုလုပ်နေသူများ၊ အများဆုံး တိုက်ရိုက်သက်ရောက်နေသည့်နိုင်ငံများက လက်ခံနိုင်လောက်သည့် စာသားဖြစ်စေရန် ထပ်မံစေ့စပ်ဆွေးနွေးခြင်းများ လိုအပ်နေ ကြောင်း အဆိုပါပေးစာတွင် ဖော်ပြထားသည်။

 

“ မြန်မာ့အရေးနဲ့သက်ဆိုင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ဟာ အာဆီယံနိုင်ငံတွေကို အထောက် အကူဖြစ်ရမှာ ဖြစ်ပါတယ်။ ပြီးမှသာ အဲ့ဒီမူကြမ်းကို အများဆန္ဒနဲ့ အတည်ပြုဖို ့လိုအပ်ပါတယ်” ဟု ပေးစာကဆိုသည်။

 

ကုုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို မူလက မေ ၁၈ ရက်တွင်မဲခွဲရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း   ပြင်သစ်၏မေတ္တာရပ်ခံချက်ကြောင့်မဲခွဲမှုကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

 

သို့ရာတွင် အာဆီယံနိုင်ငံများ၏ ထောက်ခံမှုမရရှိခြင်းကြောင့် မဲခွဲခြင်းကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထိုစဉ်အချိန်ကတည်းက သံတမန်များက ပြောကြားခဲ့ကြခြင်းဖြစ်သည်။ 

 

မည်သည့်ကြောင့် ကန့်ကွက်ခဲ့ရသနည်းဆိုသည်ကို  ထိုစဉ်က အာဆီယံက ပြောကြားခဲ့ခြင်းမရှိပေ။

Most Read

Most Recent