ရွာအပြန်နွေ

ရွာအပြန်နွေ
ကောင်းမှုတော်စေတီကို ဖူးတွေ့ရစဉ်
ကောင်းမှုတော်စေတီကို ဖူးတွေ့ရစဉ်
Published 12 May 2021
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)

သင်္ဂဇာ ချောင်းကူးတံတားကို ဖြတ်တော့ ၄နာရီခွဲသာသာပဲ ရှိသေးသည်။ လမ်းပေါ်မှာ ယာဉ်အသွားအလာတချို့ ရှိသည်ဆိုသော်ငြား မနက်ခင်းသည် ယခင်မြင်တွေ့နေကျ မနက်ခင်းမျိုးဟု စိတ်ကမထင်။ အရင်တုန်းကတော့ သည်အချိန်၊ သည်လမ်းပေါ်မှာ စိတ်လွတ်ကိုယ်လွတ် အပြေးလေ့ကျင့်နေသည့် လူငယ်အချို့ကို တွေ့ရတတ်သည်။ လူကြီးပိုင်းအုပ်စုကလည်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ တချို့ကတော့လည်း လှုပ်တုပ်လှုပ်တုပ် တစ်ယောက်တည်း။ တချို့ တုတ်ကောက်ကို ဟန်ပါပါလွှဲလျက်။ တချို့ ပါချုပ်ဆရာတော်၏ တရားကို ကြားသာရုံလေး ဖွင့်လျက်။ တချို့ ဘဝရေစီးထဲ နစ်ကာ မမြုပ်ရလေအောင် မေတ္တာသုတ်ကို ရွတ်လျက်။ သူ့နည်းသူ့ဟန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လျှောက်လှမ်းနေကြသည်ကို တွေ့နေကျ။ ခုတော့ မနက်ခင်းက သည်သို့မဟုတ်ချင်ပြီ။

လမ်းပေါ်ကလူက အိမ်ထဲကလူကို လှမ်းကြည့်တော့ အိမ်ထဲကလူကလည်း ကားထဲကလူကို လှမ်းကြည့်သည်။  တချို့ကလည်း ဓာတ်တိုင်အကွယ်ကနေ အခြားဓာတ်တိုင်၏ ဟိုမှာဘက်ကို လှမ်းကြည့်သည်။ ကြည့်သာကြည့် နေရသည်။ သူလားငါလား မကွဲပြားချင်။ အရာရာသည် မလင်းမချင်း ဖြစ်နေချိန်။ တစ်ခါတစ်ခါတော့လည်း လူတွေ ကိုယ်နှိုက်က ယုန်ဖြစ်လိုက် ကြောင်ဖြစ်လိုက် ဖြစ်နေဟန် တူသည်။ မနက်ခင်းသည် သူ့ကိုယ်သူရော သူ့ပတ်ဝန်းကျင်ကိုပါ လူလုံးမကွဲ ဖြစ်နေသည့် ပုံ။ ကြေးနောင်သံနှင့် ဗုံတောင်သံကို ဆတူရောကာ နှဲကြီးသံစွက်ထားသည့် ကြည်နူးဖွယ် မနက်ခင်းမျိုးကို နားဝင်ချိုခဲ့ရတာ ဘယ်တုန်းက နောက်ဆုံးအကြိမ်ပါလိမ့်။ မနက်ခင်း ကိုယ်တိုင်လည်း ကြားနေကျ ရေကင်းသံလေးကို ကိုယ့်နည်းတူ လွမ်းနေမည်ပဲ ထင်ပါသည်။

(၂)

‘အိုကေအမရ’ ဆီဆိုင် ရောက်တော့ ကားဆရာက ဆီဖြည့်ဖို့ စက်သပ်ကာရပ်သည်။ ပန့်ကိုင်လူငယ်တွေ အနားရောက်လာပြီး ‘ဘယ်လောက်လဲအာစရိ’ ဟု မေးတော့ ကားဆရာက ‘တစ်သောင်း’ ဟု ပြောသည်။  ဒါကိုပဲ လူငယ်တစ်ယောက်က ‘ဝမ်း သောင်း’ ဟု အသံကျယ်ကျယ်ဟစ်ရင်း ပန့်ကို ကိုင်ကာ ဆီဖြည့်ဖို့ပြင်သည်။ ‘ဝမ်းသောင်း တူးသောင်း’ ဆိုသည့် အသုံးကို အခြားနေရာတွေမှာ မကြားရတတ်။ ဓာတ်ဆီဆိုင်တွေမှာပဲ ကြားရတတ်၏ ထင်သည်။ ‘တစ်သောင်း နှစ်သောင်း’ ဆိုသည့် အသံထွက်က သူ့နားကိုယ့်နားမှာ ဇဝေဇဝါ ဖြစ်တတ်လေတော့ ‘တစ်နှင့် နှစ်’ ကို ကွဲကွဲပြားပြား ခွဲခြားနိုင်မည့် ‘ဝမ်းနှင့် တူး’ ကို ရွေးလိုက်ကြသည်ပဲ ထင်ပါရဲ့။ ‘ဝမ်း သောင်း’ တဲ့။ ဒါကလည်း သည်နိုင်ငံတော်၏ သီးခြားဆန်သည့် အမှတ်လက္ခဏာတစ်ခု ဖြစ်ကောင်းဖြစ်မည်။

တံတားကြီးထိပ်ကို ရောက်တော့ လက်ကိုင်ဖုန်းထဲက မီးကိုဖွင့်ကာ ကားရပ်ပေးဖို့ တစ်ယောက်က သင်္ကေတ ပြသည်။ ကားရပ် ပေးလိုက်တော့ ‘ဘယ်ကလာတာလဲ၊ ဘယ်ကို သွားမှာလဲ’ မေးသည်။ မန္တလေးကလာပြီး စစ်ကိုင်းကို သွားမည့်အကြောင်း ပြောနေစဉ် ကားထဲကို ခေါင်းငုံ့ကြည့်သည်။ ကိုယ်က သုံးခုံးတံထားထိပ်မှ ဆယ်ခုံးတံတား၏ ဟိုမှာဘက်ရှိ အင်းဝဆီကို လှမ်းငေးနေသည်။ ကိုယ့်ကိုမြင်၍ပဲလား မသိ။ စကားအထွေ အထူး မဆို။ ‘စစ်ကိုင်းဆို ဖြည်းဖြည်းမောင်း’ ဟု ဆိုကာ ပြန်လှည့်သွားသည်။

ကားပြတင်းမှတစ်ဆင့် မြောက်ဘက်ထိပ်ကို လှမ်းကြည့်မိတော့ ည၏သင်္ကေတအဖြစ် လင်းလက်နေသည့် တောင်ရိုးတစ်ခွင်မှ မီးပွင့်များကို မြင်နေရသလို နေ့အသစ်၏ သင်္ကေတအဖြစ် မြစ်ရေပြင်မှာ မပီဝိုးဝါး ပုံရိပ် ထင်စပြုနေသော တောင်၏အရိပ်ကိုလည်း မြင်နေရသည်။ နေ့နှင့်ညတို့ သူ့ဘက်ကိုယ့်ဘက် အားပြိုင်နေကြချိန်။

ကိုးပေတံတားနား ရောက်တော့ ညာဘက်ခြမ်း အနောက်ထိပ်မှာ ထင်သာမြင်သာရေးထားသည့် Welcome to Sagaing ဆိုသည့် စာတန်းကိုတွေ့သည်။ ယခင်က သည်နေရာမှာ သည်စာကို မမြင်မိ။ မမြင်မိဆို ရှိမှမရှိခဲ့သည်ကိုး။ ဒါကို မြင်မိတော့မှ ဟိုဟိုသည်သည် အသွားအလာမရှိခဲ့သည်မှာ ကြာပြီဖြစ်သော ကိုယ့်အဖြစ်ကို သတိထားမိသွားသည်။ ဟုတ်ပေသား။ ထကြွခဲ့ဖူးသည့် ကပ်ရောဂါနှင့်အတူ အသွားခက် အလာခက် ဝေဒနာရပ်ကြောင့်သည်ကာလတစ်လျှောက်လုံး ဘယ်ကိုမှ မရောက်ဖြစ်နိုင်ခဲ့။ ကနေ့တော့ ဆွေမျိုးသားချင်းတို့က သူတို့ ဆွမ်းကပ်ပွဲကို မဖြစ်မနေ လာစေချင်ကြောင်း အဆိုပြုလေသည်မို့ မရောက်သည်မှာ ကြာပြီဖြစ်သော ဇာတိမွေးမြေသို့ ခပ်စောစောလေး ထွက်လာခဲ့ခြင်း ဖြစ်သည်။

(၃)

အရင်ကတော့ အသင်္ခယာစောယွန်း မင်းကြီး ရုပ်တုအဝိုင်းရောက်လျှင် ကောင်းမှုတော်အနီးရှိ ခရိုင်ချင်းဆက် လမ်းအတိုင်း သွားလေ့ရှိသော်လည်း ခုတော့ ကားဆရာက အဝိုင်း၏ မြောက်ဘက်ကို တန်းချိုးသည့် လမ်းကိုရွေးသည်။ သည်လမ်းကြောက ခရိုင်ချင်းဆက်လမ်းထက် ပိုညက်သည်။ ရွှေမင်းဝံကို ဖြတ်ပြီးသွားသည့်လမ်း။ လမ်းဘေးဝဲယာမှာ အရွယ်စုံ ပေါက်ရောက်နေသည့် ထန်းတောအုပ်အုပ်တွေကို ကြည့်ရင်း “သည်ဘက်နယ်တွေက ထန်းရေမလုပ်ကြဘူး ထင်တယ်နော်” ဟု ကားဆရာက အဆန်း စကား ဆိုသည်။ ထန်းရေ လုပ်မလုပ်တော့ မသိ။ သည်ဘက်တစ်ကြောမှာ ထန်းလျက် မချက်ကြတာတော့ သေချာသည်။

ခရိုင်ချင်းဆက် ကတ္တရာလမ်းမှ ညာဘက်ကို ဆင်းလိုက်တော့ ရွာဘက်ကိုသွားသည့် မြေသားလမ်းကို တွေ့သည်။ မိနစ်အနည်းငယ် ဆက်မောင်းလိုက်တော့ ရွာအဝင် ‘သင်္ကန်းတောင်’ ဘုရားကို ရောက်သည်။ သင်္ကန်းတောင်က တောင်ပူစာလေးထက်မှာ တည်ရှိသည့် ရွာအဝင်စေတီဦး။ စေတီ၏ တောင်ဘက်ကပ်လျက်သားမှာ ရွာအဝင်လမ်းရှိ၍ လမ်းမ၏ တောင်ဘက်ကပ်လျက်သား နေရာမှာ ဆင်ခြေလျှောဟန် တောင်ပူ စာလေးတစ်ခု ရှိနေခဲ့ပြန်သည်။ ရှေးလူကြီးများက တောင်ပူစာရှည်ရှည်ကို ဖြတ်ဖောက်ကာ ရွာအဝင်လမ်း လုပ်ခဲ့ကြလေသလားဟု ခန့်မှန်းမိသည်။ ထိုတောင်ပူစာ နှစ်ခုအကြားရှိ လမ်းမထက်မှာ ယခင်က မရှိခဲ့ဖူးသော အရာတစ်ခုကို ဘွားခနဲ လှမ်းမြင်လိုက်ရသည်။ အလို ..ရွာအဝင်မှာ သံတံခါးတွေဘာ တွေနဲ့ပါလား။

ဒါကိုမြင်တော့ ငယ်ငယ်က တရင်းတနှီး ရှိခဲ့ဖူးသည့် ရွာတံခါးများအကြောင်းကို ပြန်ပြောင်းသတိရမိသွားသည်။ ကိုယ်ငယ်ငယ်က ကျေးရွာတွေမှာ သူကြီးအုပ်ချုပ်သော ခေတ်ကို မီလိုက်သေးသည်။ သူကြီးအိမ်က မောင်းထုသံကြားလျှင် ရွာသားအချို့ သူကြီး အိမ်ကို သွားကြရတာမျိုးတွေ မြင်ဖူးသည်။ ကြည့်ရတာ တစ်အိမ်တစ်ယောက်ပဲ  ဖြစ်မည် ထင်သည်။ သူကြီးအိမ်ရောက်တော့ အကြောင်းအားလျော်စွာ ဘယ်သူက ဘယ်တာဝန် ဆိုတာမျိုး ကို သူကြီးက သတ်မှတ်ပေးဟန် တူသည်။ ထိုတာဝန်တွေထဲမှာ ‘ဘယ်သူက ဘယ်တံခါးမှာ ကင်းစောင့်တာဝန်’ ဆိုတာမျိုးလည်း ပါပါလိမ့်မည်။

ထိုစဉ်ကတော့ ရွာမှာ အရှေ့တံခါး၊ တောင်တံခါးနှင့် အနောက်တံခါးဆိုပြီး အဝင်တံခါးကြီး သုံးခုရှိသည်။ အချိန်မတော် ကာမှ ရွာထဲ ပြန်ဝင်လာသည့် နွားလှည်းများကို ကင်းစောင့်အလှည့်ကျက အရမ်းကာရော ဖွင့်ပေးရိုး မရှိ။ “ကျုပ်တို့ပါဗျ၊ ဘယ်သူ ဘယ်ဝါပါ” ဆိုပြီး နာမည်ပြောမှ ဆူးတံခါးကို ဖွင့်ပေးသော ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ နောက်တော့ ခေတ်ကြီးကော ရွာတံခါးကြီးတွေပါ ဟင်းလင်းပွင့်သွားသည်။ ဟော ခုတော့ ရွာအဝင်မှာ သံတံခါးတွေ ဘာတွေ တပ်လို့ပါလား။

ကျောင်းရောက်ရောက်ချင်း အသင့်စောင့်နေသည့် ဦးဇင်းများနှင့်အတူ ဆွမ်းကပ်မည့်အိမ်ကို တန်းသွားကြသည်။ ဆွမ်းအလှူရှင်က ဦးလေးကျော်ညွန့်နှင့် အရီးနီတို့ မိသားစု။ အရီးနီဆိုသည်က မွေးချင်းများသည့် ကိုယ့်ဖခင်၏ နှမအရင်း။ ပြောကြစတမ်းဆို အဖေ့ဘက်က ဆွေမျိုးတွေထဲမှာ သက်ရှိဆိုလို့ သူတစ်ယောက်သာ ကျန်တော့သည်။ မွေးချင်းနှစ်ဦးတည်းသာရှိသည့် အမေတို့ မောင်နှမကတော့ နှစ်ဦးလုံးပင် မရှိကြတော့ပြီ။

(၄)

ဆွေမျိုးများ၏ ဆွမ်းကပ်ပွဲ၌ ဆွေမျိုးများအပေါ် သက်ရောက်နေသည့်ဘေးမှ အကာအကွယ်ပေးကာ ဆွေမျိုး တို့အား ကယ်တင်ခဲ့ပုံကို ပြဆိုသော ‘ကာကဇာတ်’ ကို အတိုချုံး၍ ပြောဖြစ်ခဲ့သည်။

တစ်ခါက ကျီးကန်းတစ်ကောင်သည် မင်းမှုထမ်း ပုရောဟိတ်၏ ခေါင်းပေါ်ချေးပါ ချလိုက်သည်။ ပုရောဟိတ်က သူ့အပေါ် ချေးပါ ချသည့်ကျီးကန်းကိုသာမက ကျီးကန်းအုပ်စုကြီး တစ်ခုလုံးအပေါ် ရန်ငြိုးဖွဲ့မိသွားသည်။ တစ်နေ့သ၌ ဘုရင့်ဆင်တင်းကုပ်ကို မီးလောင်၍ ဆင်တို့ကိုယ်၌ မီးလောင်ဒဏ်များ သင့်လေရာ ဆင်ဆရာတို့က ထိုအနာကို ပျောက်ကင်းအောင်မကုသနိုင်ဘဲရှိ၏ဟု ဆိုသည်။ ထိုကိစ္စနှင့်စပ်၍ ပုရောဟိတ်က “ကျီးဆီရလျှင် ပျောက်ကင်းနိုင်ပါသည်” ဟု ဘုရင်အား တင်လျှောက်သည်။ ပုရောဟိတ်၏ စကားအရ ကျီးအဆီကို ရဖို့အတွက် ကျီးများစွာတို့ အသက်ပေးခဲ့ရသည်။ ဘုရင့်အမိန့်ပေမို့ ဟိုမှာသည်မှာ ကျက်စားနေသည့် ကျီးတို့လည်း တဖုတ်ဖုတ်နှင့် ဇီဝိန်ကြွေကာ နေရာတကာမှာ ကျီးအသေကောင်တို့ အလောင်းချင်းထပ်တော့သည်။           

ထိုအဖြစ်ကို မြင်သောခဏ၌ အလောင်းတော်ကျီးမင်းလည်း မနေသာ။ “ငါ့မျိုးနွယ်စု ရင်ဆိုင်နေရသည့် ဘေးရန်ကို အကာအကွယ်ပေးဖို့ ငါ့မှာ တာဝန်ရှိသည်” ဟု ဆင်ခြင်ကာ နန်းတော်တွင်းသို့ ချဉ်းနင်းဝင်ရောက်ပြီးနောက် “မင်းကြီး၊ မင်းတို့မည်သည် ဆင်ခြင်ဉာဏ်ဖြင့် ပြုမူသင့်ပါ၏။ မိမိ၏ လုပ်ရပ်ကြောင့် အများသူငါတို့ ဘေးသင့်ရသည် ဆိုလျှင် ထိုအဖြစ်သည် မသင့်လျော်ပါ။ ယခုမူ ရန်ငြိုးဖွဲ့သူ ပုရောဟိတ်၏ အလိမ်အညာ စကားကြောင့် ကျီးမျိုးနွယ်စု တစ်ခုလုံး သေဘေးသင့်ခဲ့ရပါပြီ။ မင်းကြီး၊ အစဉ်အမြဲ ထိတ်လန့်တုန်လှုပ်သော စိတ်နှလုံးရှိသူ ကျီးတို့ အထံမှ အဆီကို ထုတ်၍မရနိုင်ပါ” ဟု မင်းကြီးအား တင်ပြလျှောက်ထားသည်။

မင်းကြီးလည်း ထိုအခါမှသာ ကျီးတို့၌ အဆီမရှိသည့်အဖြစ်ကိုသိကာ ထိုကိစ္စကို ရပ်တန့်စေခဲ့သည်။ ထို့နောက် အလောင်းတော် ကျီးမင်း၏ မေတ္တာရပ်ခံချက်ကို အလေး မူသောအားဖြင့် သတ္တဝါအားလုံးတို့အား ဘေးမဲ့ပေးရုံမျှမက ကျီးတို့အတွက် အမြဲတမ်း အစာဝတ်ကို တည်၍ အသက်ထက်ဆုံး ဒါနမှုကို ဖြည့်ကျင့်ခဲ့လေသည်။

(၅)

ငယ်ငယ်က စစ်ကိုင်းမှ မန္တလေးသို့ သွားစရာရှိလျှင် နေပြည်တော်ကားကို အများဆုံး စီးဖြစ်သည်။ ကိစ္စဝိစ္စ ပြီး၍ စစ်ကိုင်းကို ပြန်မည်ဆိုလျှင်တော့ ၈၄ လမ်း အင်းဝအအေးဆိုင်ရှေ့မှာ ရပ်စောင့်နေတတ်သည့် ကြုံရာ စစ်ကိုင်းကား တစ်စီးစီးဖြင့် ပြန်ဖြစ်သည်က များသည်။ ရံခါ ကားပေါ်မှာ လူသုံးလေးယောက်သာ ရှိသေးသည်ဆိုလျှင်တော့ တမေ့ တမော စောင့်တော်မူဦးရော့။ ထိုအခါမျိုးမှာ အနီးအနား ဆိုင်တစ်ဆိုင်မှ ဆောင်းဘောက် ကြီးကြီးဖြင့် ဖွင့်ပေးထားသည့် သီချင်းများကို နားထောင်ရင်း အချိန်ဖြုန်းရသည်။ တစ်ကြိမ်သ၌ တစ်ခါမှ မကြားဖူးသေးသည့် သီချင်း တစ်ပုဒ်ကို ထိုနေရာမှာပင် နားထောင်ခဲ့ဖူးသည်ကို မှတ်မိနေသည်။ ထိုသီချင်းက တေးရေးဆရာ သုခမိန်လှိုင် ရေး၍ မေဆွိ သီဆိုထားသည့် ‘အိမ်အပြန်နွေ’ အမည်ရ သီချင်းတစ်ပုဒ်ဖြစ်သည်။

နေ့မွန်းတိမ်းချိန်မှာ ရွာကပြန်ထွက်ခဲ့သည်ဆိုတော့ နေ့လယ်ခင်းက ပူလို့အကောင်းဆုံး အချိန်။ အပူလှိုင်းတို့ ယိမ်းထိုးလှုပ်ရမ်းနေသည် နွေမြင်ကွင်းကို ကြည့်ရင်း တစ်ခါက နားဝင်ပီယံ ဖြစ်ခဲ့ဖူးသော မေဆွိ၏ ‘အိမ်အပြန်နွေ’ ကို ထူးထူးခြားခြား သတိရနေမိပါသည်။

ကျမ်းကိုး -ဇာတက၊ ဋ္ဌ၊ ၁၊ ၅၁၀။

Most Read

Most Recent