CDM လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆေးရုံအုပ်များအပါအဝင် ဆရာဝန် ၁၀ ဦး၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ပညာရေးဝန်ထမ်း ၁ဝဦးအား ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ကြောင်း မေ ၇ ရက် ညပိုင်းတွင် MRTV သတင်းကြေညာချက်အရ သိရသည်။
အဆိုပါ ပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့်ခံထားရသည့် ဆရာဝန် ၁၀ ဦးမှာ နေပြည်တော်် သားဖွားမီးယပ်ရောဂါ အထူးကု ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာနွေးအေးလဲ့ထွန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာနှင်းဟေမာန်အောင်၊ လက်ထောက်ဆရာဝန် ဒေါက်တာယုယုခိုင်၊ နေပြည်တော် ကလေးရောဂါ အထူးကုဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာထာနီဝင်းအောင်၊ တပ်ကုန်းပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ထွန်းဦးနှင့် လက်ထောက်ဆရာဝန် ဒေါက်တာဆုမြတ်ထားဝေ၊ တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်၊ အထူးကု ဆရာဝန် ဒေါက်တာ ကျော်မောင်မောင်၊ အထူးကု ဆရာဝန် ဒေါက်တာသန်းဇော်၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာအေးမြနိုင် တို့ဖြစ်ကြောင်း သိရသည်။
ထိုသို့အမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည့်အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုလည်း လိုင်စင်ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ဆေးရုံ၊ ဆေးခန်းပိုင်ရှင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာဆေးရုံများ၌ CDM လှုပ်ရှားမှုတွင်ပါဝင်ကာ မူလတာဝန်များထမ်း ဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသို့သွားရောက်၍ အခကြေးငွေ ရယူဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ အရေးယူမည်ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ လက်ထောက်ကထိက ဦးကျော်ဝေဖြိုး၊ ရွာငံမြို့ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးချစ်ထွန်းနိုင်အပါအဝင် တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့မှ ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ကြောင်း MRTV သတင်းကြေညာချက်အရ သိရသည်။















