မက်ဆီ၏နေအိမ်တွင် ဘာစီလိုနာကစားသမားများ စုဝေးစားသောက်ခဲ့ခြင်းကို ကတ်တလန်အာဏာပိုင်များနှင့် လာလီဂါအဖွဲ့ချုပ် စုံစမ်း

မက်ဆီ၏နေအိမ်တွင် ဘာစီလိုနာကစားသမားများ စုဝေးစားသောက်ခဲ့ခြင်းကို ကတ်တလန်အာဏာပိုင်များနှင့် လာလီဂါအဖွဲ့ချုပ် စုံစမ်း
Photo: fcbarcelona
Photo: fcbarcelona
Published 6 May 2021

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၏နေအိမ်တွင် အသင်းကစားသမားများ စုဝေးစားသောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကတ်တလန်အာဏာပိုင်များနှင့် လာလီဂါအဖွဲ့ချုပ်(LFP)တို့က COVID-19 စည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါလက်ကျန် (၄)ပွဲအတွက် ပြင်ဆင်နေပြီး အသင်းသားများအကြား စည်းလုံးမှုပိုမိုရှိလာစေရန်အတွက် မေလ (၃)ရက်က မက်ဆီ၏နေအိမ်တွင် စုဝေးပြီး အသားကင် လုပ်စားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မက်ဆီ၏နေအိမ်တွင် စုဝေးခဲ့သည့် ပုံရိပ်များ ထွက်ပေါ်လာခဲ့ပြီးနောက် လာလီဂါအဖွဲ့ချုပ်နှင့် ကတ်တလန်အာဏာပိုင်များက အဆိုပါဖြစ်ရပ်ကို စစ်ဆေးမည်ဖြစ်ကြောင်း မေ (၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်မှာ ကူးစက်ပြန့်ပွားနေဆဲဖြစ်ပြီး ကတ်တလန်အာဏာပိုင်များက အနည်းဆုံး မေလ (၉)ရက်အထိ နေအိမ်တစ်အိမ်တွင် လူ(၆)ဦးထက် စုဝေးခြင်းမပြုရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

ကတ်တလန်ဒေသ၏ ဒု-သမ္မတဖြစ်သူ ပီရီအာရာဂိုးနက်စ်က နာမည်ကျော်များအနေဖြင့် စံပြဖြစ်အောင် နေထိုင်သင့်ကြောင်း ပြောကြားခဲ့သည်။

''ဘာစီလိုနာကစားသမားတွေ စုဝေးစားသောက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါပဲ။ လိုအပ်ရင် အရေးယူမှုတွေ ပြုလုပ်သွားမှာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လူတိုင်းလိုက်နာဖို့လိုပါတယ်။ နာမည်ကျော်တွေဟာ လူတွေအတွက် စံပြဖြစ်လို့ သူတို့အနေနဲ့ ကောင်းမွန်စွာပြုမူသင့်ပါတယ်''ဟု ၎င်းက မေ (၄)ရက်တွင် ပြောကြားခဲ့သည်။ 

Most Read

Most Recent