MNL ကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် အာရှအဆင့်ကလပ်ပြိုင်ပွဲများမှ နုတ်ထွက်ခဲ့သော်လည်း အာရှဘောလုံး အဖွဲ့ချုပ်(AFC) ထံ ဒဏ်ကြေးပေးဆောင်ရ မည့်အခြေအနေမှ ကင်းလွတ်ခွင့်ရဖွယ်ရှိနေကြောင်း သိရသည်။
၂၀၂၁ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲ နှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်၊ ဟံသာဝတီအသင်းက AFC Cup ခြေစစ်ပွဲ Play-off အဆင့်တွင် ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ပြင်ဆင်မှုပြုလုပ်ရန် အဆင်မပြေသဖြင့် ပြိုင်ပွဲများမှ နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၁ အာရှအဆင့်ကလပ်ပြိုင်ပွဲများမှ အသင်းများ နုတ်ထွက်ခြင်းနှင့် သက်ဆိုင်သည့်စည်းမျဉ်းများကို ပြဋ္ဌာန်းထား ပြီး ကလပ်အသင်းများအနေဖြင့် ပြိုင်ပွဲ၏ ပထမဆုံးပွဲမစတင်မီ ရက်ပေါင်း ၃၀ အလိုတွင် နုတ်ထွက်ကြောင်း အကြောင်းကြားပါက ဒဏ်ကြေး ဒေါ်လာ ၁၀၀၀၀၊ ရက်ပေါင်း ၃၀ အတွင်း နုတ်ထွက်ကြောင်း အကြောင်းကြားပါက ဒဏ်ကြေး ဒေါ်လာ ၂၀၀၀၀ ပေးဆောင်ရန် သတ်မှတ်ထားကြောင်းသိရသည်။
ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းသည် အာရှအဆင့်ကလပ်ပြိုင်ပွဲများ မှ နုတ်ထွက်ကြောင်း AFC ထံ အကြောင်းကြားရာတွင် MFF က တစ်ဆင့်ခံတင်ပြပေးထားခြင်းဖြစ်၍ အသင်းများအနေဖြင့် ဒဏ်ကြေးပေးဆောင်ရမည့်အခြေအနေမှ ကင်းလွတ်ဖွယ်ရှိနေခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေမှာ ကလပ်အသင်းများအတွက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ခက်ခဲစွာစိန်ခေါ်မှုများရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း၊ ဝန်ခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်နေပြီး ခက်ခဲရှုပ်ထွေးနေကြောင်း၊ ယင်းအခြေအနေများကြောင့် အသင်းများအနေဖြင့် ပြိုင်ပွဲများမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ဟံသာဝတီအသင်းသည် အာရှအဆင့်ကလပ်ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေး ဆုံးရှုံးခဲ့ပြီး လာမည့်နှစ်မှသာ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းမှာမူ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် တတိယအကြိမ်နှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် လေးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။















