ရေမြုပ်နေတဲ့ ဆား

ရေမြုပ်နေတဲ့ ဆား
Published 3 May 2021
ဘိုဘိုမြင့် (မော်လမြိုင်)

ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း၊ မတ်လ နှောင်းပိုင်းနဲ ့ဧပြီလဆန်း ကာလတွေမှာ မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား မိုးရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက နေလှန်းဆားလုပ်ငန်းတွေ အတော်အထိနာခဲ့တယ်လို ့ဆားတောင်သူတွေရဲ့  ပြောကြားချက်တွေအရ သိရတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက စလို ့ မိုးအကြီးအကျယ် ရွာချလိုက်တော့ ဆားကွင်းတွေ အကုန်ပျက်စီးကုန်တယ်။ အဲ့ဒီအတွက် လက်ရှိမှာလည်း ဆားထုတ်လုပ်နိုင်မှု မရှိတော့ဘူး။ နောက်ဆုံး လုပ်ငန်းတွေ ရပ်ထားလိုက်ရတယ်”လို ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာက ဆားတောင်သူတစ်ဦးဖြစ်တဲ့ ကိုမြတ်မင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် ကာလတူအချိန်က ဆားကြမ်း ပိဿာချိန် ၁၂ သိန်းလောက် ထွက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဆားကြမ်း ပိဿာချိန် ခြောက်သိန်းလောက်ပဲ ထွက်တော့တယ်။ တစ်နည်းပြောရရင် ဆားကြမ်းအထွက်နှုန်း ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ မိုးရာသီနဲ့ကလည်း နီးလာတော့ နေလှန်းဆားလုပ်ငန်းက ဆက်လုပ်လို့ဖို့ကလည်း အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် ဆားလုပ်ငန်းကို ရပ်ဆိုင်းထားလိုက်ရပါတယ်” လို့ ကိုမြတ်မင်း က ဆက်လက် ပြောပါတယ်။

ထို့အပြင် ယမန်နှစ်က ဆားကြမ်း တစ်ပိဿာစျေးနှုန်းမှာ ကျပ် ၁၀၀ ဝန်းကျင် ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ဆားကြမ်း တစ်ပိဿာလျှင် ကျပ် ၅၀ နှင့် ကျပ် ၆၀ ဝန်းကျင်သာ ရှိခဲ့သည့်အတွက် အလုပ်သမားဖိုးလောက်သာ ရကြောင်း၊ ဆားကြမ်း အထွက်နှုန်း ကျဆင်းခဲ့သည့်အပြင် စျေးနှုန်းကလည်း မရသည့်အတွက် လုပ်ငန်းကို အရှုံးခံပြီး လုပ်နေရသည့် သဘောဖြစ်နေကြောင်း ကိုမြတ်မင်းက ဆိုပါတယ်။

ဆားကြမ်း ထုတ်လုပ်မှု လျော့ကျသွားတဲ့ အချက်တွေထဲမှာ COVID-19 ကူးစက်ကပ်ရောဂါကြောင့် အလုပ်သမားရှားပါးတဲ့ အချက်လည်း ပါဝင်တယ်လို့ ဆားတောင်သူတွေက ပြောကြပါတယ်။        

မွန်ပြည်နယ်အတွင်းမှာ နေလှန်းဆားကြမ်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို သံဖြူဇရပ်မြို ့နယ်အတွင်းမှာ ပငကျေးရွာ၊ ကရုပ္ပိကျေးရွာ၊ ကျိုက္ခမီမြို ့၊ စက်စဲကျေးရွာနဲ ့ ဝဲကလောင်းကျေးရွာ၊ ပေါင်မြို့နယ်အတွင်းမှာဆိုရင် ထန်းပင်ချောင်ကျေးရွာနဲ ့ရေးမြို ့နယ်အတွင်းမှာ ပလိုင်ကီးကျေးရွာတွေမှာ အဓိက လုပ်ကိုင်ကြတယ်လို ့သိရပါတယ်။ အဲ့ဒီအထဲကမှ သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ နေလှန်းဆား အများဆုံး လုပ်ကိုင်တယ်လို ့သိရပါတယ်။ မွန်ပြည်နယ်အတွင်းမှာ နေလှန်းဆားလုပ်ငန်း လုပ်ကိုင်တဲ့ ဧကပေါင်း ၄၃၀၀ ခန့်ရှိတဲ့ အနက်မှာ ပငကျေးရွာ တစ်ခုတည်းမှာ ဧကပေါင်း ၂၉၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ရာသီဥတု မဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း ၃၀၀ ခန့် ထွက်ရှိကြောင်း သိရပါတယ်။

“ဒီနှစ်က ကျွန်တော်တို ့ဆားလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံးနှစ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို ့လုပ်ငန်းရာသီ စတော့ COVID-19 ကြောင့် စျေးကွက် မရှိဘူး။ ဆားစျေးကလည်း တစ်ပိဿာကို ၅၀ ကျပ်လောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ဆား တစ်ပိဿာကို ထုတ်လုပ်မှုစရိတ်က ၈၅ ကျပ်လောက် ရှိတယ်။ အဲဒီတော့ ဆားကို စရောင်းကတည်းက အနုတ်ပြသွားပြီးလေ။ အဲ့ဒီတော့ ထွက်တဲ့ဆားက စျေးကျလေ အလုပ်သမားစရိတ် ရှင်းဖို့က မလောက်လေ ဆားက ထုတ်ရောင်းရလေနဲ ့ဆိုတော့ ဆားကွင်းသမားတွေမှာ ဆားလက်ကျန်ကို မရှိကြတော့ဘူး”လို့ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာက ဆားတောင်သူတစ်ဦးဖြစ်သူ နိုင်ဟု က ပြောပါတယ်။

ယခုနှစ်မှာ ရာသီဥတုနဲ ့ဆားထုတ်လုပ်နိုင်မှု အခြေအနေကို နိုင်ဟုက “ကျွန်တော်တို့မှာ ဖေဖော်ဝါရီ ၈ ရက်မှာ မိုးစရွာတယ်။ အဲ့ဒီမှာ ဆားတွေက တစ်ကြိမ် ပျက်သွားတယ်။ နောက် ဆားရုပ်လုရုပ်ခင် ဖေဖော်ဝါရီ ၁၈ ရက်မှာ တစ်ကြိမ် ထပ်ရွာတယ်။ နောက် မတ်လမှာတော့ သုံးပြန်လောက် ဆားသိမ်းပြီးတာနဲ့ ဧပြီလဆန်းကနေ အခုအချိန်အထိကို မိုးက ဆက်သွားတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ အခြေအနေက ပြီးခဲ့တဲ့ အချိန်အထိ ဆားကလည်း မရလိုက်ဘူး။ စျေးကလည်း မရလိုက်ဘူး။ အဲ့ဒီတော့ အခြေအနေ တအားဆိုးသွားတာပေါ့ဗျာ”လို ့ပြောပါတယ်။

သို့သော်လည်း ယခုနှစ်တွင် ဆားအထွက်နည်းသည့် အခြေအနေကြောင့် လာမယ့် နှစ်တွင် ဆားစျေးပြန်ပြီး ဦးမော့သွားမည်ဟု မျှော်လင့်ရပါကြောင်း၊ ယခုနှစ်အတွင်း  ဆားတောင်သူများအနေဖြင့် စျေးကွက် အခြေအနေရ အရှုံးအများကြီးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လာမယ့်နှစ်တွင် ဆားစျေးကွင်း အနေဖြင့် စျေးတန်းတစ်ခု ပြန်ရောက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်းနိုင်ဟုက သုံးသပ် ပြောကြားပါတယ်။

ထို့အပြင် ဆားစျေးကွက် တည်ငြိမ်ရေးအတွက်  ဆားကုန်ကြမ်း အသုံးပြုသည့် စက်ရုံစီမံကိန်းများအား သက်ဆိုင်ရာမှ ဖော်ဆောင်ပေးစေလိုကြောင်း၊ သို့မှသာ ဆားတောင်သူများ၊ ဆားလုပ်ငန်းရှင်များ ဆားလုပ်ငန်းကို ရေရှည် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ဆားတောင်သူတွေက ဆိုပါတယ်။

“ကျွန်တော်တို ့ဆားလုပ်ငန်းက ၁၉၇၀ ခုနှစ် လောက်ကစပြီးတော့ ကျွန်တော်တို ့ မွန်ပြည်နယ် စစ်တောင်းစက္ကူစက် ဆိုတာ ပေါ်လာတယ်။ အဲ့ဒီ စစ်တောင်းစက္ကူစက်က တစ်နှစ်က ဆားပိဿာချိန် သိန်းပေါင်း ၁၅ဝနဲ ့၁၈၀ ကြားသုံးတယ်။ ကျွန်တော်တို ့မွန်ပြည်နယ်က ထွက်တဲ့ ဆားရဲ ့သုံးပုံတစ်ပုံကို သုံးလိုက်တာပေါ့။ အဲ့ဒီတော့ ကျန်တဲ့ဆားကို အပြင်ကို ရောင်းရတော့ ဆားစျေးကွက်အနေနဲ့ အခိုင်အမာ ရှိခဲ့ဖူးတယ်။ အဲ့ဒီအချိန်တုန်းကလည်း ဆားစျေးကျတယ် ဆိုရင်တောင် အမြတ်ရအောင် ထိန်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်လောက်မှာ စစ်တောင်းစက္ကူစက်ကြီး က မလည်နိုင်တော့ဘူး။ ဒီနေ့အထိပေါ့လေ။ အဲ့ဒီလိုမျိုး ဆားကို အဓိကသုံးတဲ့ စက်က မလည်ပတ်နိုင်တော့ ထွက်သမျှ ဆားတွေက စျေးကွက်ထဲကိုပဲ အဓိကပို့ရတော့ စျေးကွက်ကို ထိန်းမနိုင်တော့တဲ့ သဘောမျိုးဖြစ်သွားတယ်” လို ့နိုင်ဟုက ပြောပါတယ်။ 

၎င်းက ဆက်လက်ပြီးတော့ အဲ့ဒီတော့ ကျွန်တော်တို့က စစ်တောင်းစက္ကူစက်လိုမျိုး စက်ရုံတွေကို မျှော်နေရတယ်။ အဲ့ဒါနဲ ၂၀၁၂ ခုနှစ်လောက်တုန်းက သထုံမြို့နယ်မှာ ဒုံသမိမြစ်ဘေးမှာ ကော့စတစ်ဆိုဒါစက်ရုံ တည်မယ်ဆိုပြီးတော့ စပြီး အကောင်အထည်ဖော်တယ်လို ့ကြားသိရတယ်။ အဲ့ဒီစက်ရုံသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို ့မွန်ပြည်နယ်က ထွက်တဲ့ ဆားတင်မကဘူး ဧရာဝတီဘက် ဆားကိုပါ ယူရမယ့် အနေအထားမျိုး ရှိတယ်ပေါ့ဗျာ။ အဲ့ဒီအတွက်ကို ဧရာဝတီတိုင်း ဘက်ကနေ သင်္ဘောနဲ ့လာပြီးတော့ သံလွင်မြစ်ထဲဝင်၊ အဲ့ဒီကနေ ဒုံသမီမြစ်ကို ဆန်တက်ပြီး ကော့စတစ်စက်ရုံံ အရောက်ကို သွားနိုင်တယ်ပေါ့လေ။ ထုံးကျောက်ကို ကရင်ပြည်နယ်ဘက်က ယူမယ်ပေါ့ဗျာ။ ထွက်လာမယ့် ကော့စတစ်ဆိုဒါကို နိုင်ငံခြားကို ပို့မယ်ပေါ့ဗျာ။ အဲ့ဒီတော့ ကျွန်တော်တို ့ဆားသမားတွေအတွက်က တအားကို အားရှိခဲ့တာပေါ့။ အဲ့ဒီစက်ရုံစီမံကိန်းက ဖြစ်လုဖြစ်ခင်မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဖြစ်လာတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ NLD ပါတီက နိုင်ပြီးတော့ အစိုးရ ဖြစ်လာတယ်။ အဲ့ဒီမှာဘာကြောင့်မှန်း မသိဘူး။ အဲ့ဒီစီမံကိန်းကို လက်မခံဘဲ ဖျက်လိုက်တယ်။ အဲ့ဒီတော့ ကျွန်တော်တို ့ဆားလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း မျှော်လင့်ချက်တွေ ပြန်ပျက်သွားတယ်”လို ့ပြောပါတယ်။

စီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုးနှင့် အန္တ ရာယ်မရှိဘူးဆိုပါက ဖော်ဆောင်ပေးကြမည် ဆိုလျှင် မိမိတို့လို ဆားတောင်သူများအတွက် မျှော်လင့်စရာတွေ ဖြစ်လာနိုင်ကြောင်း ဆားတောင်သူ နိုင်ဟုက ဆိုပါတယ်။

သို့ပေမယ့်လည်း စျေးကွက် သဘောတရားအရ ယခုနှစ်အတွင်းမှာ ဆားကြမ်းစျေးကွက် အခြေအနေ အဆိုးဆုံး ဖြစ်ခဲ့ပေမယ့် လာမည့်နှစ်မှာတော့ ဆားကြမ်းစျေးကွက် ပြန်ကောင်းလာမယ်လို ့ ဆားတောင်သူတွေက မျှော်လင့်နေကြပါတယ်။

ဆားချော ထုတ်လုပ်နိုင်ဖို့အတွက်ကို နည်းပညာနဲ့ စျေးကွက် အခက်အခဲရှိနေတဲ့ အတွက်ကြောင့် စက်မှုကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှသာ ဆားကြမ်းစျေးကွက် တည်ငြိမ်နိုင်မှာပါ။ ထိုအခြေအနေကို ဖော်ဆောင်နိုင်ဖို့ အတွက်ကလည်း ဆားကုန်ကြမ်း အသုံးပြုစက်မှုလုပ်ငန်းတွေ များများ အကောင်အထည်ဖော်နိုင်မှသာ ရနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်မှ ဖြစ်နိုင်မှာပါ။

သို့မှလည်း ဆားတွေ ရေပေါ်မှာ ပြန်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

Most Read

Most Recent