အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပေးခဲ့သည့်ကတိကို လေးစားစောင့်ထိန်းရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တောင်းဆိုကြောင်း ANI သတင်း၌ ဖော်ပြ

အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပေးခဲ့သည့်ကတိကို လေးစားစောင့်ထိန်းရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တောင်းဆိုကြောင်း ANI သတင်း၌ ဖော်ပြ
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
Published 28 April 2021
Ref: ANI

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ ထားရှိခဲ့သည့် ကတိကဝတ်ကို စောင့်တည်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က တပ်မတော်ကို တောင်းဆိုထားကြောင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။

ဧပြီ ၂၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရေးသား ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာထဲတွင် ကုလအထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးစ်က တိုက်တွန်း တောင်းဆိုထားခြင်း ဖြစ်သည်။

ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ အာဆီယံဌာနချုပ်၌ ပြုလုပ်ခဲ့သော မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးတွင် ဘုံသဘောတူညီချက် ငါးရပ် ထွက်ရှိလာပြီး  (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ (၂) မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် အေးချမ်းသော ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရန်အတွက် သက်ဆိုင်ရာ ပါတီအဖွဲဲ့အစည်း အားလုံးအကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန်၊ (၃) အာဆီယံ အတွင်းရေးမှူးချုပ်၏ အကူအညီယူ၍ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က  အဆိုပါ ညှိနှိုင်းဆွေးနွေးမှုများတွင် ကြားဝင်စေ့စပ်ပေးရန်၊ (၄) အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာနမှ တစ်ဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ မြန်မာနိုင်ငံကို ပေးရန်၊ (၅) အာဆီယံ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်ဆိုသည့် သဘောတူညီများ ဖြစ်သည်။

ယင်းစာထဲတွင် ကုလအထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးစ်က အကြမ်းဖက်မှု ရပ်တန့်ရေးသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ရေးအတွက် အရေးပါသည့် ပထမခြေလှမ်းဟု ဆိုရမည် ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို နှင့် မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင် အပါအဝင် အာဆီယံ ခေါင်းဆောင်များ တောင်းဆိုခဲ့သည့်အတိုင်း ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို  အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်အတွက်လည်း မစ္စတာအန်ဒရူးစ်က မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာထဲတွင် ကုလအထူးကိုယ်စားလှယ်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် လာရောက်မှုကို တပ်မတော်ဘက်က အမြန်ဆုံး လက်ခံပေးရန်နှင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူ အားလုံးကို အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ခွင့်ပေးရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref: ANI

Most Read

Most Recent