သုံးလအတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ရာခိုင်နှုန်း ၃၀ ခန့် မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိ မြင့်တက်

သုံးလအတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်း ရာခိုင်နှုန်း ၃၀ ခန့် မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ အထိ မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်။
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်။
Published 27 April 2021
ဇေယျာငြိမ်း

သုံးလအတွင်း ပြည်တွင်း စက်သုံးဆီစျေး ရာခိုင်နှုန်း ၃၀ ခန့်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ် လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဧပြီ ၂၇ ရက်တွင် ဒီဇယ် တစ်လီတာလျှင် ၉၂၀ ကျပ်၊ ပရီမီယံ ဒီဇယ်တာ ၉၃၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၉၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၀၅ ကျပ်အထိ ရှိကြောင်း ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ဖေဖော်ဝါရီလဆန်းမှ လက်ရှိအချိန်အထိ သုံးလအတွင်း ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၀ ကျပ် ဝန်းကျင်၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ်ဝန်းကျင်၊ အောက်တိန်း 95 Ron တစ်လီတာ၂၅၀ ကျပ် ကျော်အထိ အသီးသီး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ စျေးနှုန်းများအရ အဆိုပါ သုံးလအတွင်း ဒီဇယ်အမျိုးအစား စျေးနှုန်းများမှာ တစ်လီတာ ၂၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အောက်တိန်း 92 Ron တစ်လီတာလျှင် ၃၂ ရာခိုင်နှုန်းနှင့် အောက်တိန်း 95 Ron တစ်လီတာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) စျေးသာ ရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီ တန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လခွဲခန့် တွင် ပြည်ပမှ စက်သုံးဆီ တန်ချိန် လေးသိန်းခွဲနီးပါး တင်သွင်းမှုမှာ ဒေါ်လာသန်း ၁၆၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် တင်သွင်းမှုတန်ချိန် တစ်သိန်း နှစ်သောင်းကျော်နှင့် ဒေါ်လာသန်း ၁၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄၄၉၃၇၃ တန် တင်သွင်းမှုမှာ တန်ဖိုးဒေါ်လာ ၁၆၅ ဒသမ ၉၁၈ သန်း ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်   စက်သုံးဆီစျေးနှုန်း ကျဆင်းသဖြင့် ယခင်နှစ်ထက် စက်သုံးဆီ တန်ချိန် ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့် လျော့ကျခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စက်သုံးဆီ တန်ချိန် ခြောက်သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံအထိ ရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စက်သုံးဆီ တန်ချိန် ၅ ဒသမ ၃ သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၃ ဒသမ ၁၆၅ ဘီလျံအထိ ရှိခဲ့သည်။                     

Most Read

Most Recent