ထိုင်းနိုင်ငံဘက်တွင် COVID-19 တတိယလှိုင်း ဖြစ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ် မောတောင်မှ ကုန်သွယ်မှု ပုံမှန်ပြုလုပ်နေကြောင်း သိရ

ထိုင်းနိုင်ငံဘက်တွင် COVID-19 တတိယလှိုင်း ဖြစ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ် မောတောင်မှ ကုန်သွယ်မှု ပုံမှန်ပြုလုပ်နေကြောင်း သိရ
မောတောင်-ဆင်းခွန်ဂိတ်ကို ထိုင်းဘက်မှတွေ့ရစဉ်
မောတောင်-ဆင်းခွန်ဂိတ်ကို ထိုင်းဘက်မှတွေ့ရစဉ်
Published 27 April 2021
ဇော်မိုးဦး (မြိတ်)

COVID-19 တတိယလှိုင်း ရိုက်ခတ်မှု ရှိနေသော်လည်း မြန်မာ-ထိုင်းနယ်စပ် မောတောင်မှ ကုန်သွယ်မှု ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း COVID-19 ကူးစက်မှုမှာ တတိယလှိုင်းအဖြစ် ရောက်ရှိနေပြီး ခရိုင်အတော်များများတွင် ရောဂါကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာ-ထိုင်းနယ်စပ် တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နှင့် ပရာကျော့ခီရီခံခရိုင် ဆင်းခွန်နယ်စပ်ဂိတ်မှာ ပုံမှန်ကုန်သွယ်မှု ပြုလုပ်နေပြီး ရေထွက်ကုန်များကို မြန်မာဘက်မှ အဓိက တင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်များ အဓိက ပြန်လည် တင်သွင်းနေကြောင်း သိရသည်။

“နယ်စပ်ကုန်သွယ်ရေးကတော့ ပုံမှန်လည်ပတ်နေပါတယ်။ ထိုင်းဘက်က ပိတ်ထားတာလည်း မရှိဘူး။ ကျွန်တော်တို့ မြန်မာဘက်ကလည်း ပိတ်ထားတာ မရှိသေးဘူး။ ကင်းမွန်၊ ဂျင်းနဲ့ ရေထွက်ကုန်တချို့ကို အဓိက တင်ပို့ပေးနေတယ်။ ထိုင်းဘက်ကတော့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြန်တင်သွင်းနေတာ ရှိပါတယ်” ဟု မြန်မာ-ထိုင်း နယ်စပ်၌ တာဝန်ကျနေသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှု များနေစဉ်က ထိုင်းနိုင်ငံရှိ ဆင်းခွန်ဂိတ်မှာ မကြာခဏပိတ်ပြီး ကုန်သွယ်မှုများ၊ လူဝင်ထွက်များကို ပိတ်ပစ်လေ့ရှိကြောင်း သိရသည်။ သို့ရာတွင် ယခုထိုင်းနိုင်ငံဘက်တွင် တတိယလှိုင်း ကူးစက်မှု ရှိနေသော်လည်း မြန်မာဘက်က ကုန်သွယ်မှုကို ပုံမှန်ခွင့်ပြုပေးထားကြောင်း သိရသည်။

“ထိုင်းနိုင်ငံဘက် ခရိုင်အတော်များများမှာ ရောဂါကူးစက်နေကြပြီး မောတောင်နဲ့ နယ်ချင်းထိစပ်နေတဲ့ ပရာကျော့ခီရီခံခရိုင် အတွင်းမှာ ရောဂါပိုး တွေ့ရှိသူ ၈၀၀ ကျော်သွားပြီ။ ဒီကိန်းဂဏန်းက ပရာကျော့ခီရီခံခရိုင် အတွက်ဆိုရင် အတော်များတဲ့ အရေအတွက်ပါပဲ။ မြန်မာဘက်ကတော့ ကုန်သွယ်မှုကို မပိတ်ချဘဲ ယခင်ပုံမှန်အတိုင်း ခွင့်ပြုပေးထားတယ်” ဟု နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။

မြိတ်မြို့မှ မိုင် ၁၀၀ ကျော်သာ ဝေးကွာသည့် မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှာ ကုန်သွယ်မှုအတွက် အလားအလာကောင်း ရှိသော်လည်း ထိုင်းနိုင်ငံဘက်မှ အထူးယာယီ နယ်စပ်ဂိတ် အဖြစ်သာ ဖွင့်လှစ်ထားနိုင်ပြီးကို ဗစ်ရောဂါကို အကြောင်းပြုပြီး မကြာခဏ ပိတ်နေသည့်ဂိတ် တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုထိုင်းနိုင်ငံတွင် ရောဂါကူးစက်မှု ဖြစ်ပွားနေသော်လည်း မြန်မာတာဝန်ရှိသူများက ကုန်သွယ်မှု ပုံမှန်လည်ပတ် နေစေရန် ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ မောတောင် နယ်စပ်ကုန်သွယ်ရေးမှ ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ ဧပြီလအထိ ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် ရရှိထားပြီး သွင်းကုန်အနေဖြင့် အောက်တိုဘာမှ ဧပြီလအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

 

Most Read

Most Recent