ချင်းရွှေဟော်နယ်စပ်ဂိတ် ပိတ်ထားခြင်းကြောင့် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့ခြင်းနှင့် တရုတ်မှ ဓာတ်မြေသြဇာနှင့် သံထည်ပစ္စည်းများ တင်သွင်းခြင်း ရပ်တန့်သွား

ချင်းရွှေဟော်နယ်စပ်ဂိတ် ပိတ်ထားခြင်းကြောင့် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့ခြင်းနှင့် တရုတ်မှ ဓာတ်မြေသြဇာနှင့် သံထည်ပစ္စည်းများ တင်သွင်းခြင်း ရပ်တန့်သွား
Published 22 April 2021
ပြည့်စုံ(မူဆယ်)

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု ပြုလုပ်လျက်ရှိ‌သော ချင်းရွှေဟော် နယ်စပ်ဂိတ် ပိတ်ထားခြင်းကြောင့် မြန်မာ လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့ခြင်းနှင့် တရုတ်နိုင်ငံမှ တင်သွင်းနေသော ဓာတ်မြေသြဇာနှင့် သံထည်ပစ္စည်းများ ရပ်တန့်လျက်ရှိကြောင်း ချင်းရွှေဟော် ကုန်သည်ကြီးများ အသင်းထံက သိရသည်။

“ဧပြီလ ၁၆ ရက်နေ့က စပြီးတော့ ပိုးတွေ့တယ်ဆိုပြီး ဂိတ်ကိုတရုတ်ဘက်က ကိုဗစ်ကို အကြောင်းပြပြီးတော့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကကို စပိတ်တာပေါ့။‌ နောက်လ မေလ ၁၅ ရက်နေ့ပြန်ဖွင့်ပေးမယ်၊ တစ်လပိတ်မယ်ပေါ့။ အဲ့ဒါကလည်း ရောဂါပိုးပေါ် မူတည်ပြီးတော့ ရောဂါပိုးထပ်တွေ့ရင် ထပ်ပိတ်ဦးမယ်လို့ သူတို့ပြောပါတယ်။ လုံးဝ လုံးဝရပ်သွားတာပေါ့၊ ဒီမှာတော့ မြန်မာပြည် ဘက်အခြမ်းမှာ ကားအစီး‌ ပေါင်း ၄၀၀ ကျော်ပေါ့ ၊တရုတ်ပြည်ဘက်ခြမ်းကို ဝင်သွားတာ ကားအစီးတစ်ရာကျော်ရှိတယ်။ အဲ့ဒါက မြန်မာပြည်ဘက်က Export ကုန်တွေ၊ တရုတ်ဘက်ကကျတော့ ကျွန်မတို့ မြန်မာပြည်ဘက်ကို လာမည့်  Import ကုန်တွေ အစီး ၃၀၀ ကျော်ရှိတာပေါ့၊ အဲ့ဒါတွေကို ဘယ်လို ကြိုးစားရလည်းဆိုတော့ ၁၆ ရက်နေ့က စပြီးတော့ တရုတ်ပြည်ထဲ ရောက်နေတဲ့ မြန်မာကားတွေကို ကုန်အမြန်ဆုံးချပေးပါ၊ ပြန်ပြီးတော့မှ ထုတ်ပေးပါဆိုပြီး ဒီနေ့မနက် နောက်ဆုံး ကားအစီး ၁၄၇ စီးကို ကုန်ချလို့ ပြီးသွားပြီ။ အဲ့ဒါကို ကျွန်မတို့ ပြန်ခေါ်တယ်။ နောက် လမ်းပေါ်မှရှိတဲ့ အစီး ၄၂၀ လောက်ကို ကျွန်မတို့က ကုန်သည်တွေနဲ့ ညှိတာပေါ့။ ဒီမှာတော့ဂိတ်က တစ်လပိတ်သွားပြီဆိုတော့ ကုန်တွေကို ချင်းရွှေဟော်မှာ ချမှာလား၊ ဒါမှမဟုတ် ကုန်တွေကို မူဆယ်တို့ လွယ်ကျယ်တို့ကို ပြန်သွားမှာလား ဆိုတာကို ကုန်သည်တွေနဲ့ ညှိကြတယ်၊ တချို့ကလည်းချတယ်၊ ဒါပေမယ့် နည်းတယ် တချို့ကားတွေ မူဆယ်နဲ့ လွာ်ကျယ်ကို  ပြန်သွားခိုင်းတယ်။ မန္တလေး ပြန်ခေါက်ကျတာပေါ့၊ တော်တော်လေးကို လူတွေက ဒုက္ခရောက်ပါတယ်” ဟု ချင်းရွှေဟော် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာက ပြောကြားသည်။

ထို့ပြင် ချင်းရွှေဟော် နယ်စပ်ပေါက် ကိစ္စနှင့်ပတ်သက်၍ ချင်းရွှေဟော်မြို့က ကုန်သည်တစ်ဦးက ပြောကြားရာတွင် “ပြန်ဖွင့်ဖို့ မရေရာဘူး၊ ဒါကြောင့် လူတွေအားလုံး တောင့်ခံနိုင်ဖို့၊ စိတ်ဓာတ်အင်အား၊ လူအင်အား၊ ငွေအင်အားကော ကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်ပါတယ်” ဟုဆိုသည်။

ချင်းရွှေဟော် နယ်စပ်ဂိတ်၌ မြန်မာပြည်မှ ပဲမျိုစုံ၊ နှမ်း၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ကွမ်းသီးနှင့်ကြံ စသည့် လယ်ယာထွက်ကုန်များ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ မြေသြဇာ၊ သံခွေ သံဖာ၊ ဟင်းချိုမှုန့်၊ စသည်တို့ တင်သွင်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ COVID-19 ကာကွယ်ရေးအဖွဲ့မှ တားမြစ်ပိတ်ပင်လိုက်သော အရာများမှာ ကုန်သွယ်မှုကားများနှင့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ကုန်စိမ်းများနှင့် ဒေသထွက်ကုန် ဖရုံသီးအသေးများ၊ ကြံ တို့ဖြစ်သည်။

 တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက COVID-19 ရောဂါ အကြောင်းပြကာ မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝန်းဂိတ်အား ပိတ်ထားပြီး ယူနန်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်၌ တင်းကြပ်သည့် ကုန်တင်ကားဝင်ထွက်မှု စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ သစ်သီးစျေးကွက်ကို အားကိုးရောင်းဝယ်နေသော သစ်သီးစိုက်ပျိုး တောင်သူများ ဆုံးရှုံးနစ်နာနေကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါအကြောင်းပြကာ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များကို မကြာမည် ထပ်မံပိတ်သွားမှာကိုလည်း ကုန်သည်ပွဲစားများက စိုးရိမ်လျက်ရှိသည်။

 

Most Read

Most Recent