စီရော်နယ်လ်ဒိုအား ပြန်ခေါ်မည်မဟုတ်ကြောင်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ပြောကြား

စီရော်နယ်လ်ဒိုအား ပြန်ခေါ်မည်မဟုတ်ကြောင်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 April 2021

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်က အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပြန်ခေါ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)လုံးအပါအဝင် ဆုဖလား (၁၅)လုံးအထိ ရယူနိုင်ခဲ့သည်။ 

ထို့နောက် စီရော်နယ်လ်ဒိုသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း (၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနိုင်သော်လည်း အသင်းမှာ ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရသလို၊ ယခုရာသီ စီးရီးအေပြိုင်ပွဲတွင်ပါ ရုန်းကန်နေရသည့်အတွက် စီရော်နယ်လ်ဒိုအနေဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် စီရော်နယ်လ်ဒို ရောင်းထုတ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ရီးယဲလ်အသင်းက ၎င်းကို ပြန်လည်ခေါ်ယူဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ပီရက်ဇ်က စီရော်နယ်လ်ဒိုအနေဖြင့် ရီးယဲလ်အသင်းသို့ ပြန်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ရီးယဲလ်အသင်းကို စီရော်နယ်လ်ဒို ပြန်လာမှာ မဟုတ်ပါဘူး။ ဒါက အဓိပ္ပာယ်လည်း မရှိပါဘူး။ သူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားသူပါ။ စီရော်နယ်လ်ဒိုကို ကျွန်တော် အရမ်းနှစ်သက်ပါတယ်။ ရီးယဲလ်အသင်းအတွက် သူ လုပ်ပေးခဲ့တာတွေ အများကြီးပါပဲ"ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ပီရက်ဇ်က PSG တိုက်စစ်မှူး ဘာပေနှင့် အဆက်အသွယ်လုံးဝမရှိကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent