ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ တိုနီကရို့စ်သည် လာမည့်နွေရာသီတွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူဖွယ်ရှိနေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ကွင်းလယ်လူ တိုနီကရို့စ်သည် ၂၀၁၀ ခုနှစ်မှစတင်ကာ ဂျာမနီလက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် (၁၀၁)ပွဲကစားကာ၊ (၁၇)ဂိုးသွင်းယူပေးထားသည်။

ကရို့စ်အနေဖြင့် ကလပ်အသင်းဖြစ်သည့် ရီးယဲလ်အသင်းအတွက် ပိုမိုအာရုံစိုက်လိုသောကြောင့် နိုင်ငံအသင်းအနားယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ကရို့စ်သည် ယခုတစ်ပတ် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဂျာမနီအသင်းလူစာရင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်။

၎င်းအနေဖြင့် အသင်းနှင့်ပူးပေါင်းပြီးမှ လူစာရင်းမှနုတ်ထွက်ကာ ပြီးခဲ့သည့်အင်္ဂါနေ့က စပိန်နိုင်ငံမြို့တော် မက်ဒရစ်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးကမူ ကရို့စ်အနေဖြင့် အသင်း၏အဓိကအစိတ်အပိုင်းအဖြစ် ရှိနေဆဲဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။















