ရီးယဲလ်မက်ဒရစ်အသင်းသည် လန်ဒန်ကလပ် စပါးအသင်းထံသို့ အငှားချထားသော ၎င်းတို့၏တောင်ပံကစားသမား ဂါရတ်ဘေးလ်အား ရာသီကုန်တွင်ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။
ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ် (၃၁ နှစ်)သည် စပါးအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားနေခြင်းဖြစ်ပြီး စာချုပ်သက်တမ်းစေ့မည့် လာမည့်ဇွန်လတွင် ရီးယဲလ်အသင်းသို့ ပြန်ရန် စီစဉ်ထားကြောင်း သူ၏အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြားထားသည်။

သို့သော် Marca ၏ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ၎င်းတို့အသင်း၏ လူစာရင်းတွင် ဘေးလ်အား ပြန်လည်ထည့်သွင်းရန် ဆန္ဒမရှိတော့ဘဲ ၎င်းအား အပြီးသတ်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် တစ်နှစ် ပေါင်(၃၁)သန်းရရှိနေပြီး ယင်းစာချုပ်မှာ လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ဘေးလ်အနေဖြင့် လက်ရှိတွင် စပါးအသင်း၌ အငှားကစားစဉ် ပြိုင်ပွဲစုံ(၂၅)ပွဲကစားကာ (၁၀)ဂိုးအထိ သွင်းယူပေးထားသည်။
ရီးယဲလ်အသင်းသည် ဟော်လန်း၊ ဘာပေအစရှိသော လူငယ်များကိုသာ အသင်း၌အားဖြည့်ရန် ဆန္ဒရှိနေကြောင်း သိရသည်။















