လာမည့်ရာသီတွင် ဘာစီလိုနာကို ဆက်လက်ကိုင်တွယ်ခွင့်ရမည်ဟု ကိုးမန်းကို လာပေါ်တာ ကတိပေးခဲ့ကြောင်း ကတ်တလန်အခြေစိုက်သတင်းစာ Esports3 ဖော်ပြ

လာမည့်ရာသီတွင် ဘာစီလိုနာကို ဆက်လက်ကိုင်တွယ်ခွင့်ရမည်ဟု ကိုးမန်းကို လာပေါ်တာ ကတိပေးခဲ့ကြောင်း ကတ်တလန်အခြေစိုက်သတင်းစာ Esports3 ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 28 March 2021

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ် လာပေါ်တာသည် လာမည့် ၂၀၂၁-၂၂ ရာသီတွင် ဘာစီလိုနာ အသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ရမည်ဟု အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းကို ကတိပေး ခဲ့ကြောင်း ကတ်တလန်အခြေစိုက်သတင်းစာ Esports3 က ဖော်ပြခဲ့သည်။ 

ဒတ်ချ်လူမျိုးနည်းပြ ရော်နယ်လ်ကိုးမန်းသည် ၂၀၂၀ သြဂုတ်လ (၁၉)ရက်တွင် ဘာစီလိုနာနည်းပြ အဖြစ် (၂)နှစ်စာချုပ်ဖြင့် စတင်ခန့်အပ်ခံခဲ့ရပြီး ၎င်းကို အသင်းဥက္ကဋ္ဌဟောင်း ဘာတိုမူက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအ နေဖြင့် ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲအပြီးတွင် နည်းပြ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ပြီး ရော်နယ်လ်ကိုးမန်းအနေဖြင့် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု ခန့်မှန်းမှုများထွက်ပေါ်ခဲ့သည်။ 

သို့သော် ဘာစီ လိုနာနည်းပြ ရော်နယ်လ်ကိုးမန်းသည် အသင်းဥက္ကဋ္ဌသစ် လာပေါ်တာ အပါအဝင် အယ်လီမန်နီ၊ ရာမွန်ပလာနက်စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံမှုမှာ အဆင်ပြေခဲ့ပြီး အသင်းဥက္ကဋ္ဌ လာပေါ်တာက ရော်နယ်လ်ကိုးမန်းကို လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်ခွင့်ရမည်ဟု ကတိပေးခဲ့ကြောင်း Esports3 က ဖော်ပြခဲ့သည်။ 

ထို့ပြင် Esports3 ၏ဖော်ပြချက်အရ လာပေါ်တာနှင့် ရော်နယ်လ်ကိုးမန်းတို့၏ တွေ့ဆုံမှုမှာ သာမန်တွေ့ဆုံမှုတစ်ခုသာဖြစ်ခဲ့သော်လည်း လာပေါ်တာသည် ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုရာသီတွင် ဘာစီလိုနာ အသင်းအနေဖြင့် အောင်မြင်မှုရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရော်နယ်လ်ကိုးမန်းအနေဖြင့် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်ခွင့်ပေးမည်ဟု လာပေါ်တာက ကတိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဘာစီလိုနာအသင်းသည် ယခုရာသီ ပထမရာသီဝက်၌ ရုန်းကန်ခဲ့ရသော်လည်း ၂၀၂၁ ခုနှစ်တွင် ရလဒ်ကောင်းများ ရရှိနေသည်။ ဘာစီလို နာအသင်းသည် ချန်ပီယံလိဂ်တွင်(၁၆)သင်းအဆင့်မှထွက်ခွာခဲ့ရသော်လည်း စပိန်ဘုရင့်ဖလားတွင် ဗိုလ်လုပွဲအထိ တက်ရောက်ထားသလို၊ လာလီဂါတွင် အဆင့်(၂)နေရာ၌ ရပ်တည်နေသည်။ 

Most Read

Most Recent