ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန်ဟုဆိုကာ နိုင်ငံရေးပါတီများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ် ဖိတ်ကြား

ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန်ဟုဆိုကာ နိုင်ငံရေးပါတီများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ် ဖိတ်ကြား
Published 23 February 2021
ဉာဏ်လင်းထွန်း

ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်မည့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများကို ဖေဖော်ဝါရီ ၂၂ ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်က ဖိတ်ကြားလာကြောင်း သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း ရှိ မရှိနှင့် အစည်းအဝေး တက်ရောက်မည့် ပါတီတာဝန်ရှိသူကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အကြောင်းပြန်ပေးရန် ကော်မရှင်၏ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းထားသည့် ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် ကြိုးပမ်းမှုဖြစ်သည်။

“ဒီ UEC က သူ့ကို အသိအမှတ်ပြုဖို့အတွက် သူ့ရဲ့ Legitimacy ကို နိုင်ငံရေးပါတီများက အသိအမှတ်ပြုဖို့ ကြိုးပမ်းတာလို့ မြင်ပါတယ်”ဟု    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

အစည်းအဝေး တက်ရောက်ခြင်းရှိ မရှိကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်း ဆွေးနွေးတိုင်ပင်၍ ဖေဖော်ဝါရီ ၂၄ ရက်တွင် အကြောင်းပြန်မည်ဟု ၎င်းက ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း အစည်းအဝေးဖိတ်ကြားစာ လက်ခံရရှိ​ကြောင်းနှင့် အစည်းအဝေးတက် မတက်ကို ပါတီတွင်းညှိနှိုင်း ဆုံးဖြတ်မည်ဟု ယင်းပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် ပါတီခေါင်းဆောင် အများအပြား ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် ကော်မရှင်ထံမှ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားစာ လက်ခံရရှိမှု ရှိ မရှိကို NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဖြေကြားသည်။ ရွေးကောက်ပွဲကော်မရှင်အသစ်က ဖိတ်ကြားသည့် ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) က တက်ရောက်မည်ဟု သိရသည်။

“အဓိက ကတော့ သူတို့ ပြောမှာပေါ့၊ မဲစာရင်းကိစ္စ နဲ့ အဲဒီမဲစာရင်း မသမာမှုတွေနဲ့ နောက်ပိုင်း ကျွန်တော်တို့ ပါတီတွေရဲ့လိုအပ်ချက်တွေနဲ့ ဆွေးနွေးကြမယ်လို့ ထင်တာပါပဲ” ဟု အစည်းအဝေး တက်ရောက်မည့် NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင် က ပြောကြားသည်။

ပါတီများနှင့် တွေ့ဆုံညှိနှိုင်းရန် အစည်းအဝေးခေါ်ယူခြင်း ဖြစ်ကြောင်းသာ ဖိတ်ကြားစာတွင် ဖော်ပြထားပြီး အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာ ဖော်ပြထားခြင်းမရှိဟု ဖိတ်စာလက်ခံရရှိသည့် ပါတီတာဝန်ရှိသူအချို့က ပြောကြားသည်။

ထို့ကြောင့် ပါတီတာဝန်ရှိသူအချို့က ကော်မရှင်အနေဖြင့် အစည်းအဝေးတွင် အရေးပေါ်အခြေအနေ နောက်ပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည့်အကြောင်း ကတိပြုရန်မျှော်လင့်ကြောင်း မှတ်ချက်ပြုသည်။

“ပြောရတော့ ခက်ပါတယ်။ မဖြစ်မနေ ခန့်မှန်းရမယ် ဆိုရင်တော့ အာဏာသိမ်းကောင်စီက ကြေညာထားတဲ့အတိုင်း တစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးပါမယ် ဆိုတာမျိုးကို သူတို့ ကတိကဝတ် ပြုလိမ့်မယ်။ ကျွန်တော် အဲဒီအတိုင်းပဲ မျှော်လင့်ပါတယ်”ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

နိုင်ငံရေးပါတီတာဝန်ရှိသူအချို့ကို မေးမြန်းချက်အရ ရွေးကောက်ပွဲကော်မရှင်အသစ်က ခေါ်ယူထားသည့် အစည်းအဝေးသို့  မတက်ရောက်မည့် ပါတီအချို့လည်းရှိနေကြောင်း သိရသည်။