ခရောင်းလမ်းကို လျှောက်လှမ်းနေရသည့် တောင်အာဖရိကသမ္မတ

ခရောင်းလမ်းကို လျှောက်လှမ်းနေရသည့် တောင်အာဖရိကသမ္မတ
Photo:AFP
Photo:AFP
Published 21 February 2021

ကျန်းမာရေးနှင့် စီးပွားရေးအကျပ်အတည်းများနှင့် အာဏာရပါတီအတွင်း သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများ မြင့်တက်နေစဉ် တောင်အာဖရိက သမ္မတဆိုင်ရေး ရာမာဖိုဆာက ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်း၏ နှစ်စဉ်မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။

ရာမာဖိုဆာသည် နှစ်စဉ်ဖေဖော်ဝါရီလတိုင်း တစ်နှစ်စာအတွက် လုပ်ဆောင်မည့် အစီအစဉ်များကို မိန့်ခွန်းပြောကြားလေ့ရှိသော်လည်း ယခုအချိန်တွင်မူသူသည် ၎င်း၏အာဏာရ ANC ပါတီအတွင်း နိုင်ငံရေးအရ ဆက်လက်ရှင်သန်နိုင်ရန် ကြိုးပမ်းနေရစဉ်အချိန်တွင် ကပ်ရောဂါကြောင့် ပင်ပန်းပြီး ပိုမိုချွတ်ခြုံကျနေသော နိုင်ငံသားများအတွက် ချွေးသိပ်ရန် ကြိုးပမ်းနေရသည်။

ရာမာဖိုဆာ၏ နိုင်ငံသည် အာဖရိက၌ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံးခံနေရသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ့စီးပွားရေးသည်လည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးထိခိုက်ခဲ့သည်။

ထို့ပြင် အစိုးရအရာရှိအများအပြားသည် ကပ်ရောဂါကိုတိုက်ဖျက်မှုတွင် အကူအညီပေးရန် ရည်ရွယ်ထားသည့် ရန်ပုံငွေများကို ခိုးဝှက်နေသည့် ရှက်ဖွယ်အမှုကိစ္စများနှင့်လည်း ငြိစွန်းလျက်ရှိသည်။

ရာမာဖိုဆာ၏ အစိုးရသည်ကပ်ရောဂါကို ကိုင်တွယ်လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဝေဖန်ခံနေပြီးနောက်ပိုင်း၌ ကာကွယ်ဆေးများ ရရှိပြီးထိုးနှံမှုပိုင်းနှင့်ပတ်သက်၍လည်း ထပ်မံဝေဖန်ခံခဲ့ရသည်။

“ သူ (ရာမာဖိုဆာ) ဟာ ဘက်ပေါင်းစုံက နေထိုးနှက်ခံနေရတယ်” ဟု စတန်လန် ဘော့ချ်တက္ကသိုလ်ရှိ နိုင်ငံရေးသိပ္ပံပညာရှင် အမန်ဒါဂေါင်းက ပြောကြားခဲ့သည်။

၎င်း၏ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အာဖရိကန်အမျိုးသား ကွန်ဂရက် (ANC) ပါတီ၏အဓိကပြိုင်ဘက်များက သွေးထိုးလှုံ့ဆော်ခြင်းမရှိသော်လည်း ရာမာဖိုဆာသည်ပြည်သူများ၏ ယုံကြည်မှုကို ရရှိရန်အတွက်ထပ်မံစွမ်းဆောင်ပြရန် လိုအပ်နေပေသည်။

ANC ပါတီတွင်း ရုန်းကန်မှုများ၏ရလဒ်အဖြစ် ဂျက်ကော့ ဇူးမားသည် အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံကြောင့် သမ္မတ ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရပြီးနောက် ရာမာဖိုဆာသည် ၂၀၁၈ ခုနှစ်၌ အာဏာရလာခဲ့သည်။

တစ်နှစ်ကြာပြီးနောက် ရာမာဖိုဆာသည် ရွေးကောက်ပွဲများတွင်် အနိုင်ရရှိခဲ့ပြီး လူထုထောက်ခံမှုရရှိကာ ရေပန်းစားလာခဲ့သည်။

သမ္မတကင်းမဲ့ခြင်း

သို့သော် ယခုအချိန်တွင်မူ ရာမာဖိုဆာသည် နယ်ဆင်မင်ဒဲလား၏ ၁၀၉ နှစ်သက်တမ်းရှိသည့် ပါတီတွင် ၎င်း၏အာဏာ ဆက်လက်တည်မြဲ၍ ရုန်းကန်နေရဖွယ်ရှိသည်။

“ ခင်ဗျားရဲ့ ပါတီထဲမှာတောင် ရင်ဆိုင်တိုက်ခိုက်နေရမယ်ဆိုရင် ပါတီအပြင်ဘက်မှာ တည်ငြိမ်မှုကို ဖန်တီးပေးနိုင်ဖို့ အမှန်တကယ် ခက်ခဲပါတယ်” ဟု ဂေါင်းက ဆိုသည်။

ရာမာဖိုဆာသည် အကျင့်ပျက်ခြစားမှုများကို ထိန်းချုပ်နိုင်ရန် ပျက်ကွက်သည်ဟု အတိုက်အခံအဖွဲ့များနှင့် ANC ပါတီအတွင်းရှိ အုပ်စုများ၏ ရန်လိုမှုများနှင့် ရင်ဆိုင်နေရသည်။

ရာမာဖိုဆာသည် ဇူးမားနှင့် အတွင်းရေးမှူးချုပ် အေ့စ် မာဂါရှုးတို့အပါအဝင် အကျင့်ပျက်ခြစားမှုတွင်ပါဝင်သည့် နောက်လိုက်ပါတီအဖွဲ့သားများကို တိုက်ရိုက်ဝေဖန်ပြစ်တင်မှု လုပ်ဆောင်ရန် ငြင်းဆိုပြီး ၎င်းတို့အား စိတ်အနှောင့်အယှက်မပေးမိစေရန် သတိထားနေသည်။

“ သူ့ရဲ့(ရာမာဖိုဆာ) လက်တွေက ချည်နှောင်ခံထားရပါတယ်။ သူသာ ဇူးမားရဲ့အဖွဲ့ကို ဆန့်ကျင်လိုက်မယ်ဆိုရင် ပြင်းထန်တဲ့ နိုင်ငံရေးအခြေအနေဆိုးကြီး ကျရောက်လာပါလိမ့်မယ်” ဟု ဂေါင်းက သတိပေးပြောကြားခဲ့သည်။

ANC ပါတီတွင် သြဇာအာဏာသက်ရောက်နေသေးသည့် ဇူးမားသည် ၎င်း၏ကိုးနှစ်ကြာ ဝန်ကြီးချုပ် သက်တမ်းအတွင်း အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးသည့် အဖွဲ့တစ်ဖွဲ့မဖွဲ့စည်းမီအချိန်က သူသည်နိုင်ငံ၏ ထိပ်သီးတရားရုံးကို ပြက်ရယ်ပြုခဲ့ပြီး တရားရုံးသို့လာရောက်ရန် ငြင်းဆိုခဲ့သည်။

ထို့ပြင် ဇူးမားသည် ရာမာဖိုဆာ၏ အင်အားကြီးနိုင်ငံရေးပြိုင်ဘက်များ၊ လက်ဝဲယိမ်း စီးပွားရေး လွတ်လပ်ခွင့်တိုက်ပွဲဝင်သူများ (EFF) ပါတီဥက္ကဌ ဂျူးလိယက်စ် မာလီမာနှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိနေပုံရသည်။

မကြာသေးမီက သမ္မတဟောင်းဇူးမားနှင့် နိုင်ငံရေးသမားများ တွေ့ဆုံဆွေးနွေးသည့် ဓာတ်ပုံများ ထွက်ပေါ်လာမှုသည် လက်ရှိ သမ္မတ ရာမာဖိုဆာအား ဖြုတ်ချရန် ရည်ရွယ်နေသည်ဟု တောင်အာဖရိကနိုင်ငံသားများကြား ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

အကြီးဆုံး အတိုက်အခံပါတီ ဒီမိုကရက်တစ် မဟာမိတ်ပါတီက ရာမာဖိုဆာအား နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံ့ဥသျှောင်တစ်ဦးအဖြစ် နိုင်ငံသားများအား ပြသစေလိုသည်။

“ အခုချိန်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ သမ္မတမရှိတဲ့အတိုင်းပါပဲ” ဟု ဂေါင်းက ပြောကြားခဲ့သည်။

 ကပ်ရောဂါ၏ ရိုက်ခတ်မှု

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၅ သန်းနီးပါးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိကာ ၎င်း၏ ဗိုင်းရပ်စ်ကာကွယ်ဆေးဖြန့်ချိမှုနှင့် ပတ်သက်၍ ပြဿနာများပေါ်ပေါက်လျက် ရှိသည်။

ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca နှင့် အောက်စ်ဖိုဒ့် တက္ကသိုလ်တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည်  တောင်အာဖရိကတွင် ပထမဆုံးပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်မျိုးကွဲသစ် အလယ်အလတ်ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ခြင်းမရှိကြောင်း Witatersrand တက္ကသိုလ်တွင် ဗိုင်းရပ်စ်မျိုးကွဲသစ်အပေါ် ကာကွယ်ဆေး၏ ထိရောက်မှု စမ်းသပ်ချက်မှရလဒ်များကိုအခြေခံ၍ ယင်းကာကွယ်ဆေးထိုးနှံမှုကို ဆိုင်းငံ့ထားရန် အစိုးရက ထုတ်ပြန်ခဲ့သည်။

ပို့ဆောင်ဖြန့်ချိရေးတွင် အားသာချက်များရှိသည့် AstraZeneca ၏ကာကွယ်ဆေးကို မှီခိုနေရသည့် ဆင်းရဲသောနိုင်ငံများအတွက် သတင်းဆိုးတစ်ရပ်ဖြစ်စေခဲ့သည်။

သို့သော် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှု တီထွင်ဆန်းသစ်မှုများဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့ (CEPI) အကြီးအကဲ ရစ်ချတ်ဟတ်ချတ်က “ ဒီကာကွယ်ဆေးကို အသုံးမပြုကြရန် ထုတ်ပယ်ဖို့ အရမ်းစောလွန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့တွေ တတ်နိုင်သလောက် ထိရောက်မှုရှိတဲ့ ကိရိယာတွေကို အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်” ဟု ကပ်ရောဂါနှင့်ပတ်သက်၍  အပတ်စဉ်ပြုလုပ်သည့် WHO ၏သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

သက်ကြီးရွယ်အိုများ သို့မဟုတ် တောင်အာဖရိကတွင်ပထမဆုံးစတင်တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသည့်နေရာများတွင် AstraZeneca ၏ကာကွယ်ဆေးထိုးနှံပေးသင့်၊ မပေးသင့် မေးခွန်းများနှင့်အတူ နိုင်ငံအချို့တွင် ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ်များ ဆိုင်းငံ့ခဲ့သည်။

သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ကာကွယ်ဆေးထိုးနှံပေးမှုဆိုင်ရာ ကျွမ်းကျင်သူများ မဟာဗျူဟာအကြံပေးအဖွဲ့ (SAGE) က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက်အရွယ်များကို ထိုးနှံပေးနိုင်ပြီး လက်ရှိကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်မျိုးကွဲသစ်များ ကူးစက်ခံရမှုမှလည်း ကာကွယ်ပေးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် နောက်ထပ်အချက်အလက်များ လိုအပ်နေကြောင်းနှင့် နိုင်ငံအတွင်းဗိုင်းရပ်စ် မျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့နေသည့်တိုင် ကာကွယ်ဆေးကို အသုံးပြုနိုင်သည်ဟု SAGE က အကြံပြုပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပုံမှန်ထုတ်ပြန်ပေးနေသည့် ရာမာဖိုဆာသည် မကြာသေးမီက နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်သည့် ၎င်း၏မိန့်ခွန်းတစ်ခုအတွင်း မျက်ရည်ကျခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည်။

“ ကုန်သွယ်ရေးသမဂ္ဂဟောင်းတစ်ဦးကနေ ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ ရာမာဖိုဆာဟာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကို ယုံကြည်ချက်ရှိရှိ နဲ့ တရားဥပဒေကျကျ ဖြေရှင်းပေးသင့်ပါတယ်” ဟု အကြီးဆုံး ကုန်သွယ်ရေးသမဂ္ဂတစ်ခုဖြစ်ပြီး ANC ပါတီ၏ မဟာမိတ်လည်းဖြစ်သည့် Cosatu အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆစ်ဝီပမ်လာက သတိပေးပြောကြားခဲ့သည်။