ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်၏ အာဏာရယူခဲ့မှုကို ဆန့်ကျင်ဆန္ဒပြမှု၌ ဆန္ဒပြသူ နှစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် Facebook သည် မြန်မာတပ်မတော်၏ ပင်မပေ့ချ်တစ်ခုကို အကြမ်းဖက်လှုံ့ဆော်မှု တားမြစ်ချက်ဟူသော ၎င်းတို့၏ စံနှုန်းကို ချိုးဖောက်မှုကြောင့် ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားလိုက်ကြောင်း အဆိုပါကုမ္ပဏီက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပေ့ချ်ကို Facebook ကနေ ဖယ်ရှားလိုက်ပါတယ်။ အကြမ်းဖက်လှုံ့ဆော်တာနဲ့ ထိခိုက်စေမှုတွေမှာ ပူးပေါင်း ဆောင်ရွက်တာကို တားမြစ်တဲ့ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ စံနှုန်းတွေကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက်ကြောင့်ပါ” ဟု Facebook မှ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။
မြန်မာတပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ပေ့ချ်ကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ကြည့်ရှုနိုင်တော့မည် မဟုတ်ပေ။
အွန်လိုင်းမှတစ်ဆင့် အမုန်းတရားများ ဖြန့်ချိလှုပ်ရှားမှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏ အပြင်းအထန်ဝေဖန်မှုကို ခံခဲ့ရပြီးနောက် Facebook သည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံမှ အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီ နိုင်ငံရေးပါတီများ နှင့် ဆွေးနွေးခဲ့ပြီး မြန်မာ့တပ်မတော်ကို တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အခြားထိပ်တန်း တပ်မတော်အရာရှိများနှင့် အဖွဲ့အစည်းတို့၏အကောင့် စုစုပေါင်း ၁၉ ခုကို ဖယ်ရှားခဲ့သည့်အပြင် တပ်မတော်အဖွဲ့အစည်းဝင်တို့က ကိုင်တွယ်နေသည့်ပေ့ချ်နှင့် အကောင့်ရာနှင့်ချီလျက်ကိုလည်း ပိတ်ပစ်ခဲ့သည်။
နိုဝင်ဘာ ရွေးကောက်ပွဲများမတိုင်မီ တပ်မတော်နှင့်ပတ်သက်၍ အကောင်းမြင်ရေးသားသော သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီကို ဝေဖန်သော တပ်မတော်အဖွဲ့အစည်းဝင်များက ကိုင်တွယ်နေသည့် အကောင့်တုနှင့် ပေ့ချ်စုစုပေါင်း ၇၀ ခုကို ဖယ်ရှားခဲ့ကြောင်း Facebook က ကြေညာခဲ့သည်။