၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအများစု ထပ်မံရွှေ့ဆိုင်းခဲ့ရပြီး မြန်မာအသင်း၏ ဂျပန်နှင့် အဝေးကွင်းပွဲ၊ ကာဂျစ္စတန်နှင့် အိမ်ကွင်းပွဲများ ပါဝင်

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအများစု ထပ်မံရွှေ့ဆိုင်းခဲ့ရပြီး မြန်မာအသင်း၏ ဂျပန်နှင့် အဝေးကွင်းပွဲ၊ ကာဂျစ္စတန်နှင့် အိမ်ကွင်းပွဲများ ပါဝင်
Photo: EMG
Photo: EMG
Published 21 February 2021

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေ ကြောင့် မတ်လတွင်ကျင်းပရန် စီစဉ်ထား သည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအများစုကို ထပ်မံရွှေ့ဆိုင်းခဲ့ရပြီး လေးပွဲသာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

AFC သည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက် ကျန်ပွဲများအနက် မတ်လတွင် ၃၂ ပွဲ၊ ဇွန်လ တွင် ၃၂ ပွဲကျင်းပရန် စီစဉ်ထားသော်လည်း မတ်လတွင်ကျင်းပမည့်ပွဲစဉ်များအနက် လေး ပွဲသာ ပုံမှန်အတိုင်း ကျင်းပနိုင်မည်ဖြစ်ပြီး ကျန် ၂၈ ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။ မတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် ပွဲစဉ်များအနက်  မတ် ၂၅ ရက်တွင် အုပ်စု (D) ပွဲစဉ်ဖြစ်သော ဆော်ဒီအာရေဗျအသင်းနှင့် ယီမင်အသင်း၊ အုပ်စု (F) ပွဲစဉ်ဖြစ်သော တာဂျစ်ကစ္စတန် အသင်းနှင့် မွန်ဂိုလီးယားအသင်း၊ မတ် ၃၀ ရက်တွင် အုပ်စု (B) ပွဲစဉ်ဖြစ်သော နီပေါ အသင်းနှင့် သြစတြေးလျအသင်း၊ အုပ်စု (F) ပွဲစဉ်ဖြစ်သော မွန်ဂိုလီးယားအသင်းနှင့် ဂျပန် အသင်းတို့၏ပွဲစဉ်များကို ပုံမှန်အတိုင်းကျင်းပ မည်ဖြစ်သည်။ 

ယင်းလေးပွဲအနက် မွန်ဂိုလီး ယားအသင်းသည် ဂျပန်အသင်းနှင့် အိမ်ကွင်း ပွဲကို မွန်ဂိုလီးယားနိုင်ငံ၌ လက်ခံကစားနိုင် ခြင်းမရှိသဖြင့် ဂျပန်နိုင်ငံတွင် သွားရောက် ကစားရမည်ဖြစ်ပြီး နီပေါ၊ ဆော်ဒီအာရေဗျ နှင့် တာဂျစ်ကစ္စတန်အသင်းတို့မှာမူ ပုံမှန် အတိုင်း အိမ်ကွင်းပွဲများ လက်ခံကစားမည်ဖြစ် သည်။ ရွှေ့ဆိုင်းလိုက်သည့် ပွဲစဉ်များတွင် မြန်မာအသင်း၏ ဂျပန်အသင်းနှင့် အဝေး ကွင်းပွဲ၊ ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း ပွဲလည်း ပါဝင်နေသည်။ မတ်လတွင် ပုံမှန် အတိုင်းကစားမည့်ပွဲစဉ်များအနက် မြန်မာ အသင်းပါဝင်သော အုပ်စု (F) မှ နှစ်ပွဲပါဝင် နေပြီး မွန်ဂိုလီးယားအသင်းမှာ နှစ်ပွဲစလုံး အဝေးကွင်းကစားရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) သည် ယခင်ကတည်းက မတ်လတွင်ကစား မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကို ရွှေ့ဆိုင်း ပေးရန် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ တောင်းဆိုထားခြင်းဖြစ်ပြီး AFC အနေဖြင့် MFF ၏ တောင်းဆိုမှုအပြင် အခြားနိုင်ငံ အများစုတွင်လည်း လက်ခံကျင်းပရန် မဖြစ် နိုင်သေးသောကြောင့် ပွဲစဉ်အများစုကို ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလား နှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ် ပွဲများမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လကတည်းက ပြီးဆုံးရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရွှေ့ဆိုင်းနေရခြင်းဖြစ် ပြီး ၂၀၁၉ နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များပြီးကတည်းက ရပ်နားထားရ ခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း မှာလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အိမ်ကွင်းပွဲကစားပြီး ကတည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲ၊ နိုင်ငံတကာခြေစမ်းပွဲများ ကစားရခြင်းမရှိတော့ဘဲ ၁၈ လကျော်ကြာမှ သာ ပြန်လည်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သော အုပ်စု (F) တွင် ဂျပန်အသင်းက လေးပွဲစလုံး အနိုင်ရကာ ၁၂ မှတ်ဖြင့် ဦးဆောင်နေပြီး တာဂျစ်ကစ္စတန် အသင်းနှင့် ကာဂျစ္စတန်အသင်းက ငါးပွဲ ကစား ခုနစ်မှတ်စီ၊ မြန်မာအသင်းက ငါးပွဲ ကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။ မြန်မာ အသင်းသည် ခြေစစ်ပွဲ အစောပိုင်းကာလတွင် ရလဒ်များဆိုးရွားကာ သုံးပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့သော်လည်း နည်းပြသစ် အန်တွမ်နီဟေးလက်ထက်တွင် နှစ်ပွဲဆက် ပြန်လည် အနိုင်ရထားခြင်းဖြစ်သည်။

Most Read

Most Recent