အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လက်ရှိနိုင်ငံရေးပြဿနာများကို နည်းလမ်းရှာဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ အထူးအစည်းအဝေးက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများ (NCA-SEAO) မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အထူးအစည်းအဝေး၏ ဘုံသဘောထား ရပ်တည်ချက်များကို ထုတ်ပြန်ရာတွင် ထိုသို့ထည့်သွင်းထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ထို့ပြင် လက်ရှိကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်လည်း PPST အထူးအစည်းအဝေးက တောင်းဆိုသည်။
စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် Civil Disobedience Movement-CDM အပါအဝင် လူထုလှုပ်ရှားမှုအားလုံးကို အပြည့်အဝထောက်ခံကြောင်း၊ ထိုလှုပ်ရှားမှုများနှင့်စပ်လျဉ်း၍ လိုအပ်သော ပံ့ပိုးမှုများအတွက် နည်းလမ်းရှာဖွေပံ့ပိုးသွားမည်ဖြစ်ကြောင်း PPST အထူးအစည်းအဝေးက ကြေညာချက်ထုတ်ပြန်သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သော နည်းလမ်းများဖြင့် နှိမ်နင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း PPST အထူးအစည်းအဝေးက ထုတ်ပြန်ကြေညာသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး စသည့် ပန်းတိုင်ရောက်ရှိရန် ယခုကဲ့သို့ ကာလတွင် ရှေ့ခရီးသည် ခက်ခဲကြမ်းတမ်းမည်ဖြစ်ပြီး NCA-SEAO များအနေဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်စုတစ်စည်းတည်း လက်တွဲပူးပေါင်းချီတက် အရောက်လှမ်းသွားကြရန်လည်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က PPST အထူးအစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အာဏာရှင်စနစ်နှင့် တပ်မတော်က အာဏာသိမ်းမှုကို လက်ခံဆန့်ကျင်၍ နည်းလမ်းပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ မားမားမတ်မတ် ရပ်တည်အားပေးထောက်ခံကြောင်းနှင့် လိုအပ်သော ပံ့ပိုးမှုများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။
ထို့ပြင် မတရားဖမ်းဆီးခံထားရသော ခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးနှင့် CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုအပါအဝင် ငြိမ်းချမ်းစွာ လူထုအရေးတော်ပုံ ဆင်နွှဲခြင်းများကို အာဏာသိမ်းစစ်ကောင်စီက အင်အားသုံးပြီး အကြမ်းဖက်နည်းလမ်းများဖြင့် နှိမ်နင်းခြင်းကို လုံးဝမပြုလုပ်ရေးအတွက် နည်းလမ်းရှာကာကွယ်သွားရန် PPST အထူးအစည်းအဝေးက ဆုံးဖြတ်နိုင်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။
လက်ရှိ ကြုံတွေ့နေရသော နိုင်ငံရေး အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ ပါဝင်မှုအခန်းကဏ္ဍကို PPST အထူးအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး လက်ရှိကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဆိုသည့် အရေးပါသော ဆုံးဖြတ်ချက်တစ်ရပ်ကို PPST အထူးအစည်းအဝေးတွင် တခဲနက် ချမှတ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။