MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက် တက်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမားသစ်နှစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ရာသီအတွက် ပြည်တွင်းကစားသမားလေးဦး၊ နိုင်ငံခြားသားကစားသမားတစ်ဦး ခေါ်ယူထားပြီး ပြည်တွင်းကစားသမားသစ်နှစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းကစားသမားနှစ်ဦးစလုံးနှင့် သဘောတူညီမှု ရထား ပြီး စာချုပ် ချုပ်ဆိုရန်နှင့် တရား ဝင်မိတ်ဆက်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်း အသစ်ခေါ်ယူမည့် ကစားသမားများတွင် ရတနာပုံအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ ဖြစ်နေသည့် လက်ရွေးစင် တောင်ပံကစားသမား စည်သူအောင်လည်း ပါဝင်ဖွယ်ရှိနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီအတွက် ပြည်တွင်းကစားသမားများအဖြစ် နောက်တန်းအစွန်လူ ကျော်ဇင်လွင်၊ တောင်ပံကစားသမားများဖြစ်သည့် သီဟဇော်၊ စိုးလွင်လွင်၊ တိုက်စစ်မှူး သန်းပိုင်၊ နိုင်ငံခြားသားကစားသမားအဖြစ် နိုင်ဂျီးရီးယား တောင်ပံတိုက်စစ်ကစားသမား ဆာဆက်တို့ကို ခေါ်ယူထားသည်။
ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်ရန်အပြင် အာရှအဆင့်ပြိုင်ပွဲများတွင် လည်း ရလဒ်ကောင်းများရယူနိုင်ရန်အတွက် ပြင်ဆင်အားဖြည့်မှုများ ပြုလုပ်လျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခင်က ဖေ ဖော်ဝါရီ ၁၅ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ရွှေ့ဆိုင်းထားရပြီး စတင်လေ့ကျင့်မည့်ရက်ကို ပြန်လည်အတည် ပြုမည်ဖြစ်သည်။















