ရေးချင်နေတဲ့အကြောင်း

ရေးချင်နေတဲ့အကြောင်း
Photo:Medium
Photo:Medium
Published 13 February 2021
မင်းည

တစ်နှစ်လား နှစ်နှစ်လား သေသေချာချာ မမှတ်မိပေမဲ့ ဒီအကြောင်းကိုရေးဖို့ တေးထားခဲ့တာတော့ တော်တော်ကြာနေပြီ။ လူတော်တော်များများကလည်း ဒီအကြောင်းကို ရေးစေချင်ကြတယ်။ သူငယ်ချင်းတွေကဆို ဒီအကြောင်းကို မရေးသေးဘူးလားလို့ မကြာခဏသတိပေးနေတတ်တယ်။ နောက်ဆုံး ဒီလိုကိစ္စမျိုးတွေမှာ ဝင်ပါလေ့မရှိတဲ့ မိသားစုတွေကတောင် ဒီအကြောင်းကို ရေးပါတော့လားလို့ တိုက်တွန်းနေခဲ့တယ်။

လက်ဖက်ရည်ဆိုင်သွားတော့လည်း လက်ဖက်ရည်ဆိုင်အတူထိုင်တဲ့လူတွေက ဒီအကြောင်းကိုပဲ ဦးတည်ပြောလာကြတယ်။အလုပ်ထဲရောက်တော့လည်း လုပ်ဖော်ကိုင်ဖက်တွေက “ဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားမှာ တာဝန်ရှိတယ်နော်”လို့ ဆိုကြတယ်။အမှန်အတိုင်းဝန်ခံရရင် သူကိုယ်တိုင်လည်း ဒီအကြောင်းကို သိပ်ရေးချင်နေမိတယ်။ ရေးချင်မိရလောက်အောင်လည်း ဒီအကြောင်းက သူ့စိတ်ကို ဆွဲဆောင်တယ်။ သူ့နှလုံးသားကို သိမ်းပိုက်တယ်။ သူ့အချိန်တွေကို စိုးမိုးတယ်။တကယ်တော့ ဒီအကြောင်းကိုရေးဖို့ သူမကြာခဏကြိုးစားခဲ့ဖူးတယ်။ ညဘက် လူခြေတိတ်တဲ့အချိန်တွေမှာ ဒီအကြောင်းကိုရေးဖို့ သူအကြိမ်ပေါင်းမြောက်မြားစွာကြိုးစားခဲ့ဖူးတယ်။

မနက်ဘက် လူတွေမနိုးခင်မှာလည်း ဒီအကြောင်းကိုရေးဖို့ သူအကြိမ်ပေါင်းများစွာ အားထုတ်ခဲ့ဖူးတယ်။ နေ့လယ်ခင်းဘက်မှာ လူရှင်းတဲ့နေရာတွေကို ရွေးချယ်ပြီး ဒီအကြောင်းကိုရေးဖို့ သူအကြိမ်ကြိမ်အားထုတ်ခဲ့ဖူးတယ်။ အေးချမ်းတိတ်ဆိတ်ပြီး လှပတဲ့နေရာမျိုးတွေဟာ စာရေးချင်စိတ်ကို ပိုပြီးတော့ ဖြစ်ပေါ်စေတယ်ဆိုလို့ ခရီးတွေဘာတွေတောင် ထွက်ပြီးတော့ ဒီအကြောင်းကိုရေးဖို့ သူကြိုးစားခဲ့ဖူးတယ်။ နောက်ဆုံး နာမည်ကြီးဟိုတယ်ကြီးတစ်ခုမှာတောင် အခန်းယူပြီး ဒီအကြောင်းကိုရေးဖို့ သူကြိုးစားခဲ့ဖူးတယ်။

ကုန်ကုန်ပြောရရင် စာရွက်တွေ၊ ဘောပင်တွေ၊ တယ်လီဖုန်းတွေထက် ကွန်ပျူတာနဲ့ ရေးရင် ပိုကောင်းတယ်ဆိုလို့ လက်တော့ပ်ကွန်ပျူတာတစ်လုံးကိုတောင်မှ သူဝယ်လိုက်မိသေးတယ်။ မနက်ခင်းဆည်းဆာရဲ့ ငြိမ်းမြမှုကို ကြည့်ပြီးတော့လည်း ဒီအကြောင်းကိုရေးဖို့ သူစဉ်းစားတယ်။ နေ့လည်ခင်းရဲ့ ကြည်လင်မှုကို ခံစားပြီးတော့လည်း ဒီအကြောင်းကိုရေးဖို့ သူတွေးတောခဲ့ဖူးတယ်။ ညနေခင်းတွေရဲ့ တောက်ပမှုတွေကို ကြည့်မြင်ပြီးတော့လည်း ဒီအကြောင်းကိုရေးချဖို့ သူကြံစည်ခဲ့ဖူးတယ်။နောက်ဆုံး ကျေးငှက်ကလေးတွေရဲ့ အော်မြည်သံကလေးတွေ၊ လေပြည်လေညင်းကလေးတွေရဲ့ တိုးဝှေ့ကျီစယ်မှုကလေးတွေ မြက်ပင်စိမ်းစိမ်းနဲ့ကောင်းကင်ပြာပြာကြီးကို ကြည့်မြင်ခံစားပြီးတော့တောင်မှ ဒီအကြောင်းကိုရေးဖို့ သူကြိုးစားခဲ့မိဖူးတယ်။

မှတ်မှတ်ရရ နှင်းတွေအရမ်းကျနေတဲ့ ဆောင်းမနက်ခင်းတစ်ခုနဲ့ တစိမ့်စိမ့်ရွာနေတဲ့ မိုးရာသီနေ့ရက်တစ်ခုတုန်းက ဒီအကြောင်းကို ရေးချနိုင်မိတော့မလိုလိုအထိတောင်မှ ဖြစ်သွားခဲ့ဖူးတယ်။ တကယ်တော့နေသာတဲ့ နေ့တစ်နေ့ပဲဖြစ်ဖြစ် မိုးတွေအရမ်းရွာနေတဲ့ နေ့တစ်နေ့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်  သဲသဲကွဲကွဲ မမြင်ရအောင် နှင်းတွေ သဲသဲမဲမဲကျနေတဲ့ မနက်ခင်းတစ်ခုမှာပဲဖြစ်ဖြစ် ဒီအကြောင်းကို ရေးဖြစ်သွားဖို့က သူ့အတွက် အဓိကပဲ။ မနက်ခင်း ဖြစ်ဖြစ် ညနေခင်း ဖြစ်ဖြစ် ညနက်သန်းခေါင်ပဲဖြစ်ဖြစ် ဒီအကြောင်းကို ရေးဖြစ်နိုင်ဖို့က သူ့အတွက်အဓိကပဲ။ ပြောရရင် ဒီအကြောင်းကို အမြန်ဆုံးရေးဖြစ်ဖို့က သူ့အတွက်အဓိကပဲ။

ကုန်ကုန်ပြောရရင် ဒီဘက်နှစ်ပိုင်းတွေအတွင်းမှာ သူ့ရဲ့ရည်မှန်းချက်က ဒီအကြောင်းကို အမြန်ဆုံး ရေးဖြစ်နိုင်ဖို့ပဲ။ ဒီအကြောင်းကို စာမျက်နှာတွေပေါ်ကို အမြန်ဆုံးရောက်သွားစေဖို့ပဲ။ ဒီအကြောင်းကို မသိသေးတဲ့ လူတွေ ဒီအကြောင်းကို အမြန်ဆုံးသိသွားစေဖို့ပဲ။ သူ့ရင်ထဲမှာ ဆူးတစ်ချောင်းလို နစ်ဝင်နေတဲ့ ဒီအကြောင်းကို အမြန်ဆုံး ဆွဲနုတ်ပစ်နိုင်ဖို့ပဲ။ တကယ်လည်း ဒီအကြောင်းကို ရေးဖို့ကိစ္စဟာ နေ့စဉ်နေ့တိုင်း သူ့ခေါင်းထဲမှာ ရှိနေခဲ့တယ်။ သူ့နှလုံးသားထဲမှာ သူ့ဦးနှောက်ထဲမှာ သူ့အသွေးအသားတွေထဲမှာ ရှိနေခဲ့တယ်။ အိပ်ရာထဲရောက်တော့လည်း ဒီအကြောင်း အိပ်ရာကနိုးတော့လည်း ဒီအကြောင်း  ထမင်းစားတော့လည်း ဒီအကြောင်း ထိုင်နေရင်လည်း ဒီအကြောင်း လမ်းလျှောက်နေရင်လည်း ဒီအကြောင်း။ ယုတ်စွအဆုံး သူ့အိပ်မက်တွေထဲမှာတောင် ဒီအကြောင်းကိုရေးဖို့ အကြိမ်ကြိမ်ကြိုးစားနေမိခဲ့တယ်။ ဒီအကြောင်းဟာ သူ့စိတ်ကို အဲဒီလောက်ထိ စိုးမိုးထားခဲ့တယ်။ သူ့နှလုံးသားကို အဲဒီလောက်ထိ သိမ်းပိုက်ထားခဲ့တယ်။

ဒီအကြောင်းကို ရေးကိုရေးရမယ်ဆိုတဲ့ စိတ်တစ်ခုဟာ သူ့နှလုံးသားတွေ သူ့ဦးနှောက်တွေ သူ့အသွေးအသားတွေထဲမှာ သစ်ပင်ကသစ်မြစ်တွေ မြေကြီးမှာ စွဲကုပ်ထားသလို စွဲမြဲနေခဲ့တယ်။ အဆိုးဆုံးက သူသိထားတဲ့ ဒီအကြောင်းကို စာရေးသူတစ်ယောက်အနေနဲ့ အများသူငါသိအောင်  ရေးကိုရေးရမယ်ဆိုတဲ့အသိဟာ သူ့တစ်ကိုယ်လုံးကို နွယ်ပင်တွေရစ်ပတ်သလို ရစ်ပတ်နေခဲ့တယ်။ အမှန်အတိုင်း ဝန်ခံရရင် သူကိုယ်တိုင်လည်း ဒီအကြောင်းကိုအမြန်ဆုံး ရေးဖြစ်ချင်နေမိပြီ။ ဒီအကြောင်းကို  ရင်ထဲမှာပွေ့ပိုက်ထားရတာကို လွှတ်ချချင်နေမိပြီ။ ရင်ထဲမှာပြည့်လျှံနေတဲ့ အစာဟောင်းတွေကို အန်ထုတ်လိုက်သလို အန်ထုတ်လိုက်ချင်နေမိပြီ။

အထူးသဖြင့် တာဝန်ကြီးတစ်ခုလို သူ့အပေါ်ကိုဖိစီးနေတဲ့ ဒီကိစ္စကြီးကို အမြန်ဆုံးပြီးမြောက်သွားစေချင်နေမိပြီ။ သူငယ်ချင်းတွေ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက်တွေ တိုက်တွန်းနေ ရေးစေချင်နေကြတာထက်တောင်မှ အဆပေါင်းများစွာ ရေးချင်နေမိခဲ့တယ်။ တကယ်လည်း ကားစီးရင်း ရထားစီးရင်း သူကိုင်တဲ့ တယ်လီဖုန်းရဲ့ Note ထဲမှာ ဒီအကြောင်းကိုရေးဖို့ သူအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ကွန်ပျူတာကိုဖွင့်ပြီး ဒီအကြောင်းကို ရေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်။ ဘောပင်ကို ကိုင်ပြီး ဗလာစာအုပ်ထဲမှာ A4 စာရွက်တွေပေါ်မှာ ချရေးဖို့ အကြိမ်ကြိမ် ကြိုးစားအားထုတ်ခဲ့ဖူးတယ်။နောက်ဆုံး မိတ်ဆွေတစ်ယောက် အကြံပေးသလို အသံဖမ်းပြီးတော့ ရေးကြည့်ဖို့ကိုတောင်မှ သူစဉ်းစားခဲ့မိဖူးတယ်။

ခက်တာက သူဘယ်လောက်ကြိုးစား ကြိုးစား သူ့ရင်ထဲက အဲဒီအကြောင်းအရာ နဲ့ပတ်သက်တဲ့ အသံတွေ ပုံရိပ်တွေ လှုပ်ရှားမှုတွေဟာ စာလုံးတွေအဖြစ် ပြောင်းမလာခဲ့တာပါပဲ။ ဘောပင်ကိုင်ထားတဲ့ သူ့လက်တွေ ကီးဘုတ်ပေါ်တင်ထားတဲ့ သူ့လက်တွေက အဲဒီအကြောင်းအရာကို စာလုံးတွေဖြစ်လာအောင် မစွမ်းဆောင်နိုင်ကြတာပါပဲ။ အထူးသဖြင့် ခေါင်းထဲမှာ ဘယ်လောက်ပဲ ကြွတက် ကြွတက် ရင်ထဲမှာ ဘယ်လောက်ပဲ လျှံတက် လျှံတက် အဲဒီအကြောင်းကို တကယ်တမ်း ချရေးတော့မယ်ဆိုတာနဲ့ အဲဒီအကြောင်းအရာတွေဟာ သူ့ရင်ထဲကနေ အငွေ့ပြန်ပျောက်ကွယ်သွားတဲ့အရာတတ္ထုတစ်ခုလို ပျောက်ကွယ်သွားကြတော့တာပါပဲ။ (စာရေးသူမိတ်ဆွေတစ်ယောက်ကတော့ စာရေးသူတစ်ယောက်အတွက် ဒါဟာကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ဆိုပြီး တခြားမိတ်ဆွေတစ်ယောက်ကတော့ ဒါဟာ စာရေးတဲ့အလုပ်ဟာ သူ့အပေါ်ကို စိတ်ဖိစီးမှုတစ်ခုလို ဖြစ်နေတဲ့ လက္ခဏာပဲလို့ ဆိုပါတယ်။)

စိတ်ဖိစီးမှု ဟုတ်လား၊ မဟုတ်လား ကောင်းတဲ့လက္ခဏာ ဟုတ်လား၊ မဟုတ်လား သေသေချာချာမသိပေမဲ့ သေချာတာကတော့ သူဟာဒီအကြောင်းကို ရေးဖြစ်လာတဲ့အထိ ကြိုးစားနေမိဦးမှာပါပဲ။ ညဘက် လူခြေတိတ်ချိန်မှာ ဒီအကြောင်းကို ရေးနိုင်ဖို့ ကြိုးစားနေမိမှာ ဖြစ်သလို မနက်ဘက် လူတွေမနိုးထခင်မှာလည်း ဒီအကြောင်းကို ရေးနိုင်ဖို့ ကြိုးစားနေမိဦးမှာပါပဲ။ လူသူလေးပါးကင်းရှင်းတဲ့နေရာတွေကိုရွေးချယ်ပြီး ဒီအကြောင်းကိုရေးဖို့ ကြိုးစားနေမိဦးမှာဖြစ်သလို လှပအေးချမ်းတဲ့ နေရာတွေကိုရှာဖွေပြီး ဒီအကြောင်းကိုရေးဖို့ ကြိုးနေမိဦးမှာပါပဲ။ အဲဒီလိုပါပဲ ကားစီးရင်း ရထားစီးရင်း ရေးဖို့ကြိုးစားနေမိဦးမှာဖြစ်သလို ကျေးငှက်ကလေးတွေရဲ့ တေးဆိုသံကိုနားထောင်းရင်း မြက်ခင်းစိမ်းစိမ်းနဲ့ ကောင်းကင်းပြာပြာကြီးကို ကြည့်ပြီးတော့လည်း ဒီအကြောင်းကိုရေးဖို့ကြိုးစားနေမိ ကြိုးစားနေကြည့်ဦးမှာပါပဲ။ (တကယ်လည်း ကိုယ်မြင်တာသိတာ ကိုယ်ခံစားမိတာကို ချရေးဖို့ အများပြည်သူတွေသိအောင် ရေးသားဖော်ပြဖို့ကိစ္စဟာ စာရေးသူတစ်ယောက်အတွက် သမိုင်းပေးတာဝန်တစ်ခုဖြစ်တယ်လို့ သူ့စိတ်မှာခံယူထားခဲ့၊ စာရေးသူတစ်ယောက်အနေနဲ့ ရေးသင့်ရေးထိုက်တဲ့ အကြောင်းအရာကို ရေးကိုရေးဖို့ လိုအပ်တယ်လို့ ခံယူထားခဲ့မိတယ်)။

နှလုံးသားက ဒီအကြောင်းကိုရေးဖို့ တိုက်တွန်းတဲ့အခါတိုင်း ဦးနှောက်က ဒီအကြောင်းက ရေးဖို့လှုံ့ဆော်တဲ့အခါတိုင်း ကြိုးစားကြည့်နေမိဦးမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာက တစ်နေ့နေ့မှာ  ဒီအကြောင်းအရာကို သူ့အနေနဲ့ အောင်အောင်မြင်ချရေးနိုင်လိမ့်မယ်ဆိုတာပါပဲ။ တကယ်လည်း တစ်နေ့နေ့မှာ ဒီအကြောင်းအရာကို တယ်လီဖုန်းရဲ့ Note ထဲမှာပဲဖြစ်ဖြစ်၊ ဗလာစာအုပ်တစ်အုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ A4 စက္ကူတွေပေါ်မှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာပေါ်မှာပဲဖြစ်ဖြစ် အောင်အောင်မြင်ရေးချပြီး သူ့မိတ်ဆွေသူငယ်ချင်းတွေ၊ သူ့မိသားစုတွေ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ကိုယ်သူရဲ့ဆန္ဒတွေ အာသီသတွေကို အောင်အောင်မြင်မြင် ဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ သေသေချာချာကြီး ယုံကြည်နေမိခဲ့ပါတယ်။