လားရှိုးမှ လောက်ကိုင်မြို့သို့  ထွက်ခွာလာသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ယာဉ်တန်း ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၁၂ ဦး သေဆုံး

လားရှိုးမှ လောက်ကိုင်မြို့သို့  ထွက်ခွာလာသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ယာဉ်တန်း ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၁၂ ဦး သေဆုံး
Published 6 February 2021
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-ကွမ်းလုံ သွားလမ်းပေါ် နမ့်စလပ်ကျေးရွာနှင့် ၈ မိုင်ခန့်အကွာ နားတီးကျေးရွာအုပ်စု ကောင်းမွန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ (၂)နာရီခွဲအချိန်ခန့်က သိန္နီဘက်မှ ကွမ်းလုံဘက်သို့ ဦးတည်မောင်းနှင်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီ အဖွဲ့ဝင် အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးခင်မောင်လွင် လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းအား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ စောင့်ဆိုင်းပစ်ခတ်မှုကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ် ၈ စီးပါ ယာဉ်တန်းအား လက်နက်ကိုင်အဖွဲ့များမှ အသင့်စောင့်ဆိုင်း၍ လမ်းဘေး ဝဲ/ယာ တောင်ကုန်းများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်  အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားကာ ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ် ၂၀ ခန့်ထိ ကြာမြင့်ခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်မှုအား ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။

“မနေ့က ပစ်ခတ်မှုဖြစ်စဉ်မှာ ကွမ်းလုံဘက်အခြမ်းကို သေဆုံးသူ Dead Body ရောက်လာတာက ၇ ဦး၊ နမ့်စလပ်မှာက အလုပ်သမားခေါင်း သားအဖ နှစ်ယောက်၊ ကားဝပ်ရှော့က တစ်ယောက်၊ ဖာဆန်ရွာက သူကြီးက သူလည်း ဆိုင်ကယ်နဲ့အဖြတ် သူ့လည်းမှန်ပြီး သေဆုံးတယ်။ နောက်ထပ်တစ်ဦးရယ်ဆို (၅) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးတယ်” ဟု ကွမ်းလုံမြို့မှ ပရဟိတ ကူညီလုပ်ဆောင်နေသူ တစ်ဦးက ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့များ၏ စောင့်ဆိုင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရဲတပ်ဖွဲ့ဝင် (၃) ဦး၊ အရပ်သား (၉) ဦးသေဆုံးကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ရဲတပ်ဖွဲ့ဝင် (၁၀) ဦး နှင့် အရပ်သား (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတူလေးက လက်မှာ မှန်စတွေမှန်တယ်။ ကျည်ဆံကတော့ ကားမှာလာမှန်တာ အများကြီးပေါ့။ သူ့ကားပေါ်မှာတော့ သူရယ်၊ သူ့ဘေးက တစ်ယောက်ရယ် လိုက်လာတာ။ ပစ်ခတ်မှုတွေဖြစ်တော့ သူတို့ နှစ်ယောက်က ကားကိုရပ်ပြီး ကားထဲမှာ ဝပ်နေရတာပေါ့။ သူ့နောက်က ကားက နှစ်ဦးကတော့ သေတယ်။ သူတို့က ကံတော်တော်ကောင်းသွားတယ်။ အခုတော့ သူ့ကို လားရှိုးက ဆေးရုံတစ်ခုမှာ မှန်စစိုက်ဝင်တာတွေ ခွဲထုတ်ဖို့  လုပ်နေပါတယ်” ဟု ပစ်ခတ်မှုများကြောင့် မှန်စထိမှန်ဒဏ်ရာများ ရရှိခဲ့သူ ယာဉ်မောင်းတစ်ဦး၏ အဒေါ်ဖြစ်သူက ပြောကြားသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို  လောက်ကိုင်၊ ကွမ်းလုံနှင့် နမ့်စလပ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ဒဏ်ရာရရှိသူ တစ်ချို့မှာလည်း လားရှိုးမြို့သို့ လာရောက် ကုသနေရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ MNDAA အဖွဲ့က စောင့်ကြို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent