ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသည့် တောင်ပံကစားသမား ဟာဇက်အား ရီးယဲလ်အသင်းပရိသတ်များက အသင်း၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးခေါ်ယူမှုအဖြစ် ရွေးချယ်ခဲ့ကြကြောင်း စပိန်နိုင်ငံထုတ် Marca သတင်းစာက ဖော်ပြသည်။
၂၀၁၉ ခုနှစ် နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၁ဝဝ)ဖြင့် ပြောင်းရွှေ့လာသူ ဟာဇက်သည် တစ်ရာသီခွဲကာလအတွင်း (၉)ကြိမ်အထိ ဒဏ်ရာရရှိထားပြီး နောက်ဆုံးရရှိခဲ့သည့် ပေါင်ကြွက်သားဒဏ်ရာကြောင့် (၄)ပတ်မှ (၆)ပတ်အထိ ထပ်မံအနားယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ Marca သတင်းစာက ရီးယဲလ်အသင်းအတွက် အဆိုးရွားဆုံးခေါ်ယူမှုများကို အွန်လိုင်းမှ စစ်တမ်းကောက်ယူရာ ဖြေဆိုသူ (၃၅ဝဝဝ) ကျော်ရှိပြီး ဟာဇက်က မဲအရေအတွက် (၄၉) ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏နောက်တွင် အေစီမီလန်အသင်းမှ ခေါ်ယူခဲ့သည့် ဘရာဇီးလ်ကွင်းလယ်လူ ကာကာက (၁၇) ရာခိုင်နှုန်း၊ စပါးအသင်း၌ အငှားဖြင့်သွားရောက်ကစားနေသည့် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က (၁၃) ရာခိုင်နှုန်း၊ ခရိုအေးရှား ကွင်းလယ်လူ ပရိုဆီနက်ကီးက (၆) ရာခိုင်နှုန်း၊ နယ်သာလန်တောင်ပံကစားသမား ရော်ဘင်က (၁) ရာခိုင်နှုန်းဖြင့် အစဉ်လိုက် ရပ်တည်နေသည်။
ဟာဇက်သည် ပေါင်ကြွက်သားဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူရဖွယ်ရှိရာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့အပါအဝင် ပွဲစုစုပေါင်း (၇) ပွဲဝန်းကျင် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။