နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်အရ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကြေညာချက်တွင် မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်း အဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည့်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာ ဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွှင့်ထူခြင်းများ အပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော် တည်ငြိမ်မှုကို များစွာ ထိခိုက်စေကြောင်း၊ အဆိုပါ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ဥပဒေနှင့် အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ (၄၁၇) အ ရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း ဖော်ပြထားသည်။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။ ယင်းကြေညာချက်အရ နိုင်ငံတော်အာဏာကို တပ်မတော်က လွှဲပြောင်းရယူလိုက် ခြင်းဖြစ်ရာ မြန်မာနိုင်ငံသမိုင်းတွင် စတုတ္ထအကြိမ် အာဏာသိမ်းမှုဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အာဏာသိမ်းမှုက ၁၉၅၈ ခုနှစ် စက်တင်ဘာ၌ ပေါ်ပေါက်ခဲ့ပြီး ရလဒ်အဖြစ် အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခဲ့သည်။ အိမ်စောင့်အစိုး ရအနေနှင့် ၁၉၆ဝခုနှစ် ဧပြီလအထိ ၁၈ လတာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားခဲ့ သည်။ ဒုတိယအကြိမ် အာဏာသိမ်းမှုသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပေါ် ပေါက်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ တော်လှန်ရေး ကောင်စီအစိုးရက နိုင်ငံတော်အာဏာအရပ်ရပ်ကို ၁၂ နှစ်တာ ချုပ်ကိုင်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံကို တစ်ပါတီစနစ်ဖြင့် အုပ် ချုပ်ခဲ့သည်။ မဆလတစ်ပါတီအစိုးရအနေဖြင့် မြန်မာနိုင်ငံကို ၁၄ နှစ်တာအထိ အုပ် ချုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော လူထုအုံကြွမှုကြီးကြောင့် အုပ်ချုပ်ရေးအာဏာ လက်လွှတ်ခဲ့ရသည်။ ယင်းနောက် တတိယအကြိမ် အာဏာသိမ်းမှုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ပေါ်ပေါက်ခဲ့သည်။
ယခုအကြိမ်၌ အာဏာသိမ်းမှု၏ ပြဿနာမှာ ရွေးကောက်ပွဲ မဲစာရင်းများ ပမာဏ ကြီးမားစွာ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်းနှင့် အရေးယူဆောင်ရွက်မှု မပြုခြင်းတို့ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအကြိမ်၌ လူထု၏ အကျိုးစီးပွားကို ရှေးရှုလျက် နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှုများအား ကာကွယ်စောင့်ရှောက်ကာ ပြဿနာကြီးထွား မလာအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်စေလိုပါကြောင်းနှင့် ကွဲလွဲမှုများအား တရားဥပဒေ မူဘောင်အောက်၌ ပြေလည်သွားအောင် ဖြေရှင်းနိုင်ကြရန် တိုက်တွန်းကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဖေဖော်ဝါရီ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်








