ချယ်လ်ဆီးအသင်းနည်းပြသစ် တူဟယ်လ်က ချယ်လ်ဆီးအသင်းသည် မိမိအား (၁၈)လသာ စာချုပ်ချုပ်ဆိုထား၍ မိမိ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းတွင် မိမိအနေဖြင့် ဆုဖလားများ မရယူနိုင်ခဲ့ပါက အသင်းမှ မြန်မြန်ဆန်ဆန်ထွက်ခွာရမည်ကို သိနားလည်ထားကြောင်းလည်း တူဟယ်လ် (၄၇ နှစ်)က ပြောကြားခဲ့သည်။
မိန့်ဇ်၊ ဒေါ့မွန်၊ PSG အစရှိသောအသင်းများတွင် နည်းပြခဲ့သည့် ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်က ချယ်လ်ဆီးအသင်းတွင် အများမသိနိုင်သည့် အတွင်းရေးအကြောင်းအရာများစွာရှိနေသော်လည်း မိမိမှာ နိုင်ငံရေးသမားတစ်ဦးမဟုတ်ကြောင်း၊ ဘောလုံးအသင်းနည်းပြပီသစွာ နည်းပြတစ်ဦးလုပ်ရမည့်အလုပ်များကိုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းက (၁၈)လသာ စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့်ပတ်သက်၍ တူဟယ်လ်အား မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက ''ကျွန်တော် ခင်ဗျားတို့ကို ရိုးသားပွင့်လင်းစွာပဲ ပြောချင်ပါတယ်။ ပထမဆုံးပြောရရင် ကျွန်တော် စိုးရိမ်မိတာ အမှန်ပါပဲ။ ဘာကြောင့် (၁၈)လပဲ ဖြစ်ရသလဲပေါ့။ ဒါပေမဲ့ တစ်မိနစ်လောက်စဉ်းစားပြီးချိန်မှာ ကျွန်တော် ဒီလိုတွေးခဲ့မိပါတယ်။ ဘာများပြောင်းလဲမှာမို့လို့လဲ။ တကယ်လို့ ကျွန်တော့်ကို သူတို့ (၄)နှစ်ခွဲသက်တမ်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ရင်လည်း သူတို့ ကျွန်တော့်ကို ရာထူးကထုတ်ပယ်နိုင်တာပဲမဟုတ်လား။ သူတို့ကျွန်တော့်ကို ဆက်လက်ထားရှိရတာ မပျော်မရွှင်ဖြစ်လာရင် ဘယ်လိုပဲဖြစ်ပါစေ၊ ထုတ်ပယ်မှာပါပဲ။ သူတို့ ကျွန်တော့်ကို (၄)နှစ်ခွဲစာချုပ်ချုပ်ဆိုပြီး ရာထူးကထုတ်ပယ်ရင် လျော်ကြေးမပေးဘူးဆိုတဲ့အချက်လည်း ထည့်သွင်းနိုင်တာပဲ။ ဒါကြောင့် အဲဒီလိုချုပ်ခဲ့ရင်လည်း ကျွန်တော့်အတွက် အာမခံချက်မရှိပါဘူး။ ဒီအဆင့်မှာတော့ ဒါဟာ အမှန်တရားပါပဲ'' ဟု ပြောကြားခဲ့သည်။