အမျိုးသားလွှတ်တော်ကျင်းပမည့် ရက်အား ဖေဖော်ဝါရီ ၂ ရက်သို့ ရွှေ့ဆိုင်း

အမျိုးသားလွှတ်တော်ကျင်းပမည့် ရက်အား ဖေဖော်ဝါရီ ၂ ရက်သို့ ရွှေ့ဆိုင်း
Published 29 January 2021

အမျိုးသားလွှတ်တော်ကျင်းပမည့် ရက်အား ဖေဖော်ဝါရီ ၂ ရက်သို့  ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော် တက်ရောက်မည့် အမျိုးသားလွှွတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

မူလက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်(တနလာင်္နေ့) တွင် ကျင်းပမည် ဖြစ်သော်လည်း ဖေဖော်ဝါရီ ၂ ရက်(အဂါင်္နေ့) နံနက် ၁၀ နာရီသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 “တစ်ရက်နောက်ဆုတ်သွားတာ ဆိုတာက ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့လွှတ်တော် စ ကျင်းပမယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ အမျိုးသားလွှတ်တော် ကျင်းပမယ်။ ဒါက တတိယအကြိမ် လွှတ်တော်တွေရဲ့ ပြုလုပ်မယ့် အာဂျင်ဒါပေါ့နော်” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောကြားသည်။

အစည်းအဝေး စတင်သည့် ရက်များတွင် အလုပ်တာဝန်များပြားခြင်းကြောင့် လွှတ်တော် အစည်းအဝေးများကို ခွဲလုပ်ခြင်းဖြစ်ကြောင်း ယင်းသို့ လုပ်ဆောင်ခြင်းမှာ ပုံမှန်သာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော်တက်ရောက်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား ဇန်နဝါရီ ၂၉ ရက်တွင် COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖက်၊ အာခေါင်တို့ဖက်များ ရယူခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်တွင် ကိုဗစ် ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း ဦးဘမျိုးသိန်း၏ ပြောကြားချက်အရ သိရသည်။