“ကာကွယ်ဆေး ထိုးပြီးပြီ ဆိုတာသည် ဒီနေ့ထိုးပြီးရင် မနက်ဖြန် ကာကွယ်သွားတာမျိုး မဟုတ်ဘူး။ နှစ်လလောက်ထိကို ကူးစက်နိုင်သေးတဲ့အတွက် နှစ်လကျော်မှသာလျှင် ကာကွယ်နိုင်” ပင်းတယ မီးအိမ်ရှင်ဆုရ ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ကာကွယ်ဆေး ထိုးပြီးပြီ ဆိုတာသည် ဒီနေ့ထိုးပြီးရင် မနက်ဖြန် ကာကွယ်သွားတာမျိုး မဟုတ်ဘူး။ နှစ်လလောက်ထိကို ကူးစက်နိုင်သေးတဲ့အတွက် နှစ်လကျော်မှသာလျှင် ကာကွယ်နိုင်” ပင်းတယ မီးအိမ်ရှင်ဆုရ ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 28 January 2021
မင်းသူဝင်းထွဋ်

မြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေး ဝန်ထမ်းအားလုံးကို ဇန်နဝါရီ ၂၇ ရက်မှ စတင်ကာ COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါတယ်။ ကာကွယ်ဆေး ထိုးနှံရချိန်မှာ ဘယ်လိုကြုံတွေ့ခံစားရလဲ။ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘယ်လိုကြုံတွေ့ ခံစားရလဲ။ ကာကွယ်ဆေးမထိုးမီ ဆောင်ရန် ရှောင်ရန် ဘာများ လိုအပ်ပါသလဲ။ ကာကွယ်ဆေးဟာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ဘေးထွက်ဆိုးကျိုး များပြားနေသလား ဆိုတာကို ဧရာဝတီတိုင်း ဒေသကြီးတွင် ပထမဆုံး ကာကွယ်ဆေး စတင်ထိုးနှံခဲ့သူ ပင်းတယမီးအိမ်ရှင်ဆုရ ပုသိမ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် မေးမြန်းထားသည်များကို The Daily Eleven သတင်းစာက ဖော်ပြလိုက်ရပါသည်။

မေး - မင်္ဂလာပါဆရာ ဒီနေ့ဆရာတို့ဆေးရုံမှာ COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံကြောင်း သိရပါတယ်။ ဘယ်လိုတွေ စတင်လုပ်ဆောင် နေသလဲဆိုတာ သိပါရစေ။

ဖြေ - ဒီနေ့မနက် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီမှာ ဆရာတို့ ပုသိမ်ဆေးရုံရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးရဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စတင်ပါတယ်၊ စတင်တဲ့အခါ ဆရာက စီနီယာ နံပါတ် (၁) ဖြစ်တဲ့အတွက် ဆရာပထမဆုံး စပြီးတော့ ကာကွယ်ဆေး စပြီးတော့ ထိုးနှံပါတယ်။ နံနက် ၈ နာရီထဲကထိုးတာ အခုဆို နေ့လည် ၁၂ နာရီ ထိုးတော့မယ်ပေါ့နော်။ အခု အားလုံးမြင်တဲ့ အတိုင်းပါပဲ ဘာမှပြဿနာ အခက်အခဲ မရှိပါဘူး။ အဆင်ပြေပြေနဲ့ ပြီးပါတယ်။ လောလောဆယ် ဒီနေ့မနက်ပိုင်းမှာ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်း ၂၀၀ ထိုးမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀၀ က အခုထိုးလို့ပြီးနေပြီပေါ့။ အခုပြီးရင် နေ့လည် ၂ နာရီကနေ စပြီးတော့ ၂၀၁ ကနေ ၄၀၀ အထိကို ဆက်ပြီးတော့ ထိုးမှာဖြစ်ပါတယ်။ မနက်ဖြန် နံနက် ၈ နာရီမှာ ကျန်နေတဲ့ ၄၀၁ ကနေ ၅၆၁ အထိကို ဆက်ပြီးတော့ ထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကာကွယ်ဆေးထိုး လုပ်ငန်းနဲ့ ပတ်သက်လို့ ဆရာတို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်၊ ဒီကာကွယ်ဆေးက ကမ္ဘာမှာ အရှေ့တောင် အာရှနိုင်ငံမှာ စင်ကာပူပြီးလို့ရှိရင် ဆရာတို့က ထိုးရတဲ့နိုင်ငံဆိုတော့ အင်မတန်မှ ဂုဏ်ယူစရာ ကောင်းပါတယ်။

မေး - ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး များတယ်လို့ အချို့က ပြောကြားနေမှု အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - ကာကွယ်ဆေးက Facebook က ကောလာဟလတွေ ဘယ်နိုင်ငံမှာတော့ ဘယ်လောက်ထိုးတာ ဘယ်လောက်သေတယ် စသဖြင့် အဲဒီလို အချက်အလက်တွေ တွေ့ပါတယ်။ တွေ့တဲ့အခါ ကာကွယ်ဆေး မထိုးခင်မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ဗဟိုအဆင့် သင်တန်းမှာ ဆရာတို့ တက်ပါတယ်။ တက်ပြီးတော့ သင်တန်းမှာ ဒီကောလာဟလကို WHO က အတည်မပြုပါဘူး။ အတည်မပြုဘူး ဆိုတာက ဆေးထိုးလို့သေတယ် ဆိုတာက တကယ်တော့ လူဦးရေ ကမ္ဘာတစ်ဝန်းလုံးမှာ လူဦးရေသန်းကို ရာနဲ့ချီပြီး ထိုးတာ ကမ္ဘာနိုင်ငံတွေ အားလုံးပေါင်းလိုက်ရင် သန်းရာကဏန်းဆိုတော့ တွက်ကြည့်လို့ရှိရင် နည်းတဲ့ ပမာဏ မဟုတ်ဘူး။ အဲဒီထဲမှာသွားပြီး တိုက်ဆိုင်မှုဆိုတာ ရှိနိုင်ပါတယ်။ အဲဒီလို တိုက်ဆိုင်မှုရှိတဲ့ ဟာတွေကနေ သွားပြီးတော့ ကာကွယ်ဆေးကြောင့် ဖြစ်တာလို့ ယူဆတာတွေ ရှိပါတယ်။ လောလောဆယ် ဆရာတို့ အခုထိုးတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြီးကြီးကျယ်ကျယ် ဘာပြဿနာမှ မရှိထားဘူးလို့ ဆရာတို့ သိထားပါတယ်။ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကတော့ လောလောဆယ် ဆရာတို့ ထိုးပြီးတဲ့ လူ ၂၀၀ မှာ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူးပေါ့။ သူကဆေးထိုးရင် နာမယ်လို့ ပြောပေမဲ့ ဆရာတို့ တကယ်ထိုးတဲ့ အချိန်ကျ မနာဘူး။ သိပ်မနာဘူးဆိုတာ နာတောင်မနာလိုက်ဘူး။ အခုထိလဲ လက်မောင်းက အောင့်တာ ဘာမှ မရှိဘူးပေါ့နော်။ နောက်တစ်ခါ ကိုယ်လက် မအီမသာ ဖြစ်တယ်တို့ နုံးတယ်တို့ လောလောဆယ် ဆရာလည်း အခုထိ လန်းလန်းဆန်းဆန်းပဲ ရှိနေပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ဘဲနဲ့ ပူးပေါင်းပါဝင်ဖို့ ပန်ကြားချင်ပါတယ်။

မေး - ကာကွယ်ဆေးဟာ ဘယ်လိုလူတွေ မထိုးသင့်ဘူးလဲ၊ ဆေးထိုးဖို့အတွက် ဆောင်ရန်ရှောင်ရန်များ ရှိပါသလား။

ဖြေ - အဓိကတော့ ကာကွယ်ဆေးက အသက် ၁၈ နှစ်အောက် ကလေးတွေအတွက်ကို ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက အာမမခံပါဘူး။ သူတို့က ၁၈ နှစ်အောက် ကလေးတွေဆိုရင် ကာကွယ်ဆေးထိုးလို့ မရသေးပါဘူး။ ဒါတစ်ချက်ပေါ့နော်။ နောက်တစ်ခုက ဆေးက ကိုယ်ဝန်သည်တွေဆိုရင် ဘာဖြစ်မယ်ဆိုတာ မသိသေးဘူးပေါ့။ မသိသေးတဲ့ အခါကျတော့ ကိုယ်ဝန်ဆောင်သည်က ဗိုက်ထဲက ကလေးကို သွားပြီးတော့ ထိမှာစိုးတဲ့အတွက် ကိုယ်ဝန်သည်တွေကို မထိုးနဲ့လို့ မှာထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကာကွယ်ဆေးက နို့တိုက်မိခင်တွေပေါ့ နို့တိုက်မိခင်တွေဆိုရင် နို့စို့ရင်းနဲ့ ကလေးရဲ့ ကိုယ်ထဲကို ရောက်သွားပြီးတော့ ကလေးကိုယ်ထဲမှာ တစ်စုံတစ်ရာ ဖြစ်မှာစိုးလို့ ကာကွယ်ဆေး ကုမ္ပဏီက ခွင့်မပြုပါဘူး။ ခွင့်မပြုတဲ့ အခါကျတော့ ဆရာတို့က အဓိကတော့ နို့တိုက်မိခင်တွေရယ် ကိုယ်ဝန်ဆောင်တွေရယ် အသက် ၁၈ နှစ်အောက်တွေရယ် ဒီလူတွေကတော့ ကာကွယ်ဆေး ထိုးလို့ရမှာ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေက ထိုးလို့ရမလား ဆိုတာကျတော့ ဆေးထဲမှာပါတဲ့ ဓာတ်တွေနဲ့ မထည့်ဘူးဆိုတဲ့ သူတွေကတော့ ထိုးလို့မရပါဘူး။ ဆေးမတည့်ဆိုတာ ဒီကာကွယ်ဆေးမှာပါတဲ့ ဓာတ်နဲ့မတည့်တဲ့ သူတွေကတော့ ထိုးလို့ အဆင်မပြေဘူး ပေါ့နော်။ ဒါကတော့ လုံးဝရှောင်ရမယ့် ကိစ္စတွေပါ။ ဆရာတို့ကို လှမ်းပြီးတော့ မေးတယ်။ သွေးတိုးတဲ့သူ ထိုးရမှာလားလို့ ဆီးချိုရှိတဲ့သူ ထိုးရမှာလားဆိုရင် ထိုးသင့်တယ်လို့ပဲ ဆရာတို့က ဖြေပါမယ်။ သွေးတိုးနဲ့ ဆီးချိုက ဘာဖြစ်လို့လဲဆိုတော့ အခုကိုဗစ်နဲ့ သေသွားတဲ့သူတွေ ပြန်ပြီးတော့ ကြည့်လို့ရှိရင် သွေးတိုး၊ ဆီးချို ရောဂါ အခံရှိတဲ့သူတွေပဲ သေတာများတာကိုး။ များတဲ့အခါကျတော့ ဒီလူတွေ ကိုဗစ်မဖြစ်ဖို့ အတွက်ကို ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်။ သွေးတိုးရောဂါ ရှိတဲ့သူတွေက ဆီးချိုရောဂါ ရှိတဲ့သူတွေက ဒီဆေးကို ကာကွယ်ဆေး ထိုးတော့မယ်ဆိုတဲ့ အချိန်ကျရင် ဆရာဝန်နဲ့ သေချာပြပြီးတဲ့အခါ သွေးပေါင် ဆီးချိုထိန်းတာတို့ အဲဒီလိုလုပ်ပြီးမှ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးခြင်းအားဖြင့်လည်း ဒီသွေးတိုး၊ ဆီးချိုကြောင့် ကိုဗစ်နဲ့ သွားပေါင်းပြီးတော့ သေနိုင်တဲ့နှုန်းကို လျော့ကျနိုင်မယ်လို့ ဆရာတို့က ယူဆပါတယ်။ ဒါ့ကြောင့် ဆရာတို့က ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးစေချင်ပါတယ်။ နောက်တစ်ခါ သွေးကျဲ ဆေးသောက်တဲ့သူတွေ ဆိုရင်တော့ သွေးကျဲ ဆေးက အမျိုးမျိုးရှိတာပေါ့။ ပြင်းထန်တဲ့ သွေးကျဲဆေး ဆိုရင်တော့ သမားတော်နဲ့ ကြို တင်တိုင်ပင်ပြီးမှ ဆေးထိုးတဲ့အလုပ်ကို လုပ်ရမှာဖြစ်ပါတယ်၊ မပြင်းထန်တဲ့ သွေးကျဲဆေး သောက်တဲ့သူတွေ ဆိုရင်တော့ မထိုးခင် တစ်ပတ်လောက်ထဲက ကြိုပြီးတော့ ရပ်ထားရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ယူဆပါတယ်။ အဲဒါသောက်လို့ ဆေးမထိုးရဘူးတော့ မဟုတ်ဘူးပေါ့လေ။ ထိုးလို့ရတယ် ဒါပေမဲ့ ဘေးထွက်အာနိသင် ဆိုတာမျိုး နည်းနိုင်သမျှ နည်းအောင်လို့ ဆရာတို့ဘက်က ကြိုတင်ကာကွယ်လို့ ရသမျှကို ကာကွယ်ပြီး လုပ်ပေးထားတာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ကတော့ ဒီကိုဗစ်ကာကွယ်ဆေးဟာ တစ်ယောက်ကို ၅ ဒေါ်လာ ကျတာပေါ့နော်။ သူက နှစ်ကြိမ်လည်း ထိုးရမယ် စျေးလည်းကြီးတယ်။ နောက်နိုင်ငံတကာက အင်မတန်မှ လိုချင်တယ် ဝယ်ချင်တဲ့အခါမှာ ဆရာတို့ နိုင်ငံက အင်မတန် ကံကောင်းပြီးတော့ ဒီဆေးကို အခွင့်အရေး တစ်ခုအနေနဲ့ ရတယ်။ ရပြီးတော့ ဆရာတို့ ကျန်းမာရေး ဝန်ထမ်းတွေကို ဒီနေ့ ၂၇ ရက်နေ့မှာထိုးတာ ထိုးပြီးတော့ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ စပြီးတော့ ပြည်သူတွေကို တောက်လျှောက်ထိုးမှာ ဖြစ်ပါတယ်။ ၁၈ နှစ်အောက်ပဲ ချန်ထားပြီးတော့ ကျန်တဲ့သူတွေ အားလုံးကို ထိုးဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်လို့ ကာကွယ်ဆေးထိုးတဲ့ သမိုင်းတစ်လျှောက်မှာ အင်မတန်မှ ကြီးကျယ်များပြားလှတဲ့ လူဦးရေ ပမာဏနဲ့ အင်မတန်မှ ထူးခြားတဲ့ဆေးကို ဆရာတို့ စပြီးတော့ ထိုးတော့မှာ ဖြစ်တဲ့အတွက် အားလုံးက ဒီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။

မေး - ဆရာကိုယ်တိုင် ကာကွယ်ဆေးထိုးပြီးချိန်မှာ ကြုံတွေ့ရမှုကို မျှဝေပေးပါဦး။

ဖြေ - ရုပ်ပိုင်းဆိုင်ရာအရ ဘာတွေဖြစ်သလဲဆိုတော့ လုံးဝမနာလိုက်ဘူး။ ထိုးတဲ့ဆရာမက ဆရာတို့ ဒီဆေးရုံက ဝန်ထမ်းတွေထဲကနေပြီးတော့ ဆေးထိုးဖူးတဲ့ ကျွမ်းကျင်တဲ့ ဆရာမတွေကို ဆရာတို့က အဖွဲ့ဖွဲ့ပြီး ရွေးလိုက်တာပေါ့။ ဆရာက နာမယ်လို့ စိတ်ထဲမှာ ထင်တာပေါ့နော်။ ဒါပေမဲ့ တကယ့်တကယ် သူထိုးလိုက်တဲ့အခါ အပ်ကလည်း သေးသေးလေးနဲ့ထိုးတာ ဆလင်းကလည်း သေးသေးလေး ဆိုတဲ့အခါကျတော့ ရုပ်ပိုင်းဆိုင်ရာအရ နာတာကျင်တာက ခဏလေးပေါ့ အောင့်တော့ အောင့်လိုက်တာပေါ့။ ဒါပေမဲ့ သိပ်ဆိုးဆိုးဝါးဝါးကြီး နာတာမျိုး မဟုတ်ဘူး အဆင်ပြေတယ်။ နောက်ပြီး ဆရာနဲ့ မတည့်တဲ့ ဆေးကလည်း ရှားတဲ့အခါကျတော့ ဒီဆေးက safe ဖြစ်မယ်လည်း ဆရာက အစကတည်းက ယုံကြည်တဲ့ အခါကျတော့ ထိုးလိုက်တာပေါ့နော်။ နောက်တစ်ခုက စိတ်ထဲက ဘယ်လိုခံစားရလဲဆိုတော့ ကျေးဇူးတင်တာပေါ့နော်။ တကယ် ကိုဗစ်လူနာတွေနဲ့ ထိတွေ့ဖို့ ဆရာတို့က အင်မတန်များပါတယ်။ ဆရာက အမြဲတမ်း လူနာတွေရဲ့ ကိစ္စတွေမှာ တကယ်ကို ကိုယ့်ကိစ္စလို့ပဲ ယူဆပြီးတော့ အမြဲတမ်း လူနာတွေနားမှာ ရှိနေတဲ့ အခါကျတော့ တစ်ခါတစ်ခါကျတော့ ကိုဗစ်လူနာတွေနဲ့ ဆရာတို့ရဲ့ ဆေးရုံလာတက်တဲ့လူနာ အယောက် ၉၀၀ ကျော်လောက် ရှိသွားပြီပေါ့၊ ကိုဗစ်စတဲ့ အချိန်ကနေ အခုထိ ၉၀၀ ကျော်လောက်မှာ ဆရာထိတွေ့ဖူးတဲ့ လူတွေများတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်နားလေးမှာပဲ ဆရာက အလုပ်လုပ် နေရတာရှိတယ်။ အခုလို ကာကွယ်ဆေးထိုးတဲ့ အခါကျတော့ လောလောဆယ် ချက်ချင်းတော့ ကာကွယ်မှုမရသေးဘူး။ ဆရာသဘောပေါက်တယ်။ ကာကွယ်ဆေးက ဒုတိယအကြိမ်ထိုးပြီးလို့ လေးပတ်ကြာတဲ့အခါမှ ကာကွယ်ဆေးက ကာကွယ်တဲ့ အာနိသင်ကိုရမှာ ဖြစ်တဲ့အတွက် ဒါပေမဲ့ လောလောဆယ် ကာကွယ်ဆေး ထိုးလိုက်နိုင်ပြီဆိုထဲက အင်မတန်မှရှားတဲ့ ကာကွယ်ဆေး အမေရိကန်လို နိုင်ငံတောင်မှ အကုန်ပြည့်အောင် မထိုးနိုင်သေးဘူးပေါ့နော် ပြီးတော့ UK လိုနိုင်ငံမျိုးလည်း သူ့နိုင်ငံက လူတွေပြည့်အောင် မထိုးနိုင်သေးဘူးပေါ့နော် အဲဒီချိန်မှာ ဒို့က ထိုးလိုက်နိုင်တာ အင်မတန်မှ ဂုဏ်ယူဖို့ ကောင်းတယ်။ ဒီအဆင့်ရောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အစိုးရပေါ့နော်။ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီဆေးကို လူဦးရေ  ၃၈ သန်းလုံးကိုထိုးဖို့ စိတ်ကူးထားတဲ့ စိတ်ဆန္ဒတကယ့် တကယ် ဆေးက စျေးလည်းကြီးတယ်။ ရှားလည်း ရှားတယ်။ ရဖို့လည်း ခက်တဲ့အချိန်မှာ လူဦးရေ ၃၈ သန်းပေါ့။ ကျန်တဲ့ ၁၈ နှစ်အောက်တွေ ဖယ်ထုတ်လိုက်တဲ့အချိန် ကျန်တာကို ထိုးပေးမယ်ဆိုတဲ့စိတ်က နည်းတဲ့ စေတနာ မဟုတ်တဲ့အတွက် ဆရာအနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီဆေးကို လှူဒါန်းပေးတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်ဆိုတဲ့ ခံစားချက်လေးကို ခံစားရပါတယ်။

မေး - ကာကွယ်ဆေး ထိုးပြီးတာနဲ့ စတင်ပြီး COVID-19 ရောဂါကို ကာကွယ်နိုင်ပြီလား ဘာတွေလိုက်နာ ဆောင်ရွက်ဖို့ လိုပါသေးလဲ။

ဖြေ - အဓိကတော့ ကာကွယ်ဆေး ထိုးလိုက်ပြီ ဆိုလို့ရှိရင် ငါတို့က ကာကွယ်ဆေးထိုးပြီးပြီ ထိုးပြီးတော့ ငါတို့က လုံခြုံစိတ်ချရပြီဆိုပြီး ထင်သွားမှာ ဆိုးပါတယ်။ အမှန်တော့ ကာကွယ်ဆေးက အခုတစ်ကြိမ်ထိုးတာ ပထမဆုံး အကြိမ်ထိုးတာ။ ရက်ပတ်ပြည့်တဲ့အချိန်ကျ ဒုတိယအကြိမ်ထပ်ပြီးတော့ ထိုးရမယ်။ ထိုးပြီးတော့ နောက်လေးပတ် ကြာတဲ့အချိန်ကျမှ ကာကွယ်နိုင်တဲ့ စွမ်းရည်ကို ရမှာဖြစ်ပါတယ်။ အဲဒီတော့ ကာကွယ်ဆေး ထိုးပြီးရင် ဒီနေ့က နေစတွက်ရင် နောက်ထပ် နှစ်လလောက်အထိ ကာကွယ်နိုင်တဲ့စွမ်းရည် မရသေးပါဘူး။ ကာကွယ်နိုင်တဲ့စွမ်းရည် မရသေးတဲ့ အခါကျတော့ ဆိုလိုတဲ့ အဓိပ္ပာယ်က ဒီနှစ်လအတွင်းမှာ ကူးမယ်ဆိုရင် ကူးနိုင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီအချိန်ကာလ အတွင်းမှာ ကူးသွားရင်တော့ နှမြောစရာကြီးပေါ့။ ကာကွယ်ဆေး ထိုးထားတာက အကျိုးမရှိဘဲ ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် ဆရာတို့က မေတ္တာရပ်ခံ လိုတာက ကာကွယ်ဆေးထိုးပြီးပြီ ဆိုတာသည် ဒီနေ့ထိုးပြီးရင် မနက်ဖြန် ကာကွယ်သွားတာမျိုး မဟုတ်ဘူး။ နှစ်လလောက်ထိကို ကူးစက်နိုင်သေးတဲ့အတွက် နှစ်လကျော်မှသာလျှင် ကာကွယ်နိုင်တာ ဖြစ်တဲ့အတွက် ဆရာတို့ မူလချမှတ်ထားတဲ့ လက်ဆေးဖို့၊ လူချင်းခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့ လမ်းညွှန်ထားတဲ့ ကိစ္စတွေကို အတိအကျ လိုက်နာပေးဖို့ ဆက်လက်လိုက်နာပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ နောက်တစ်ခါ ကာကွယ်ဆေးက လူဦးရေ အများကြီးကို ထိုးမှာဖြစ်တဲ့အတွက် ကိုယ့်အလှည့်ကိုလည်း တစ်ချိန်မဟုတ် တစ်ချိန်မှာ ရောက်လာပါလိမ့်မယ်၊ အဲဒီခါကျတော့ စိတ်မပူပါနဲ့ ထိုးမဲ့သူတွေ အားလုံးက ဒီ ၁၈ နှစ်အထက်တွေ အားလုံးကို ထိုးဖို့အတွက် စီစဉ်တာ ဖြစ်တဲ့အတွက် စိတ်မပူပါနဲ့၊ ဒါပေမဲ့ ဒီကာလ အတောအတွင်းမှာလည်း ရောဂါ မကူးအောင်အတွက် ဆရာတို့ လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပေးပါ၊ ကာကွယ်ဆေးထက် ပိုပြီးတော့ အရေးကြီးတာက Mask တပ်ဖို့ ဆရာတို့ လိုက်ပြီးတော့ ကြေညာထားတဲ့ အချက်တွေကို လိုက်နာဖို့က ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောကြားချင်ပါတယ် ခင်ဗျ။

 

Most Read

Most Recent