ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်

ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်
Published 20 January 2021
သီဟအောင်၊ မျိုးထက်ပိုင်

ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဝင်ရောင်ကြည့်ရှုလိုပါက အခကြေးငွေ ပေးရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ဇေကမ္ဘာ ရှေးဟောင်းပြတိုက်၏ CEO ကိုဇေသီဟက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စတင် ပန္နက်ရိုက်ခဲ့ကြောင်း၊၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြတိုက်တွင် ကြေးခေတ်၊ ကျောက်ခေတ်၊ ပျူခေတ်၊ သီရိခေတ္တရာ၊ ကုန်းဘောင်ခေတ်များအပြင် ယခုခေတ် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ လူအရိုးအစုများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်းများ စသည့် ရှေးဟောင်းပစ္စည်း သုံးသိန်းခန့်ကို ပြသထားရှိမည်ဖြစ်ကြောင်း သိရသည်။

“ပြတိုက်မှာ ကြေးခေတ်၊ ကျောက်ခေတ်၊ ပျူခေတ်၊ သီရိခေတ္တရာ၊ ကုန်းဘောင် အခု ဒီဘက်ခေတ်က မြန်မာ့ရိုးရာ လက်မှုပညာတွေ အများစု ပါဝင်ပါတယ်။ စုဆောင်းထားတဲ့ ပစ္စည်းက အခုရေ သုံးသိန်းလောက် ရှိပါတယ်။ ပြတိုက်စီမံကိန်းကို စိတ်ကူးရှိတာက ၂၀၁၅ ခုနှစ် ကတည်းကပေါ့။ ၂၀၁၆ ၂၀၁၇ မှာ ဒီနေရာကို စပြီး ပန္နက်ရိုက်တယ်” ဟု ဇေကမ္ဘာပြတိုက်၏ CEO ကိုဇေသီဟက ပြောကြားသည်။

ပြတိုက်ကို အများပြည်သူများ ရှေးဟောင်းပစ္စည်းများကို ကြည့်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရ၊ ရှေးဟောင်း သုတေသနဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပြတိုက်အတွင်း အများပြည်သူများ ဝင်ရောက်ကြည့်ရှုလိုပါက ဝင်ကြေးပေးရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများနှင့် ရဟန်းသံဃာတော်များကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။