ဆေးတက္ကသိုလ် နောက်ဆုံးနှစ် MBBS အပိုင်း (ခ) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် BDS ပုံမှန်သင်တန်းများ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် MBBS အပိုင်း (ခ) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် BDS ပုံမှန်သင်တန်းများ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်
ဆေးတက္ကသိုလ် (၁) ရန်ကုန်ကျောင်းဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
ဆေးတက္ကသိုလ် (၁) ရန်ကုန်ကျောင်းဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
Published 13 January 2021
အိသဥ္ဇာကျော်

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် MBBS အပိုင်း(ခ) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် BDS ပုံမှန်သင်တန်းများ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ဘွဲ့ကြိုသင်တန်းများ အားလုံးကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခေတ္တရပ်နားထားခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်များကို ဆက်လက်လေ့ကျင့် မွေးထုတ်နိုင်ရန်အတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ် MBBS အပိုင်း (ခ) (၆/၂၀၁၉) နှင့် နောက်ဆုံးနှစ် BDS (၁/၂၀၂၀) ပုံမှန်သင်တန်းများအား COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပြန်လည် ဖွင့်လှစ်သည့်အခါ ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများသည် ကျောင်းသား ကျောင်းသူအချင်းချင်းသာမက လူနာများနှင့် ထိတွေ့ဆက်ဆံ ပြောဆိုရမည် ဖြစ်သဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို တိကျစွာ လိုက်နာကြစေရန် အထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်၌ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ပုံမှန်သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြခြင်းနှင့် ဘွဲ့လွန် ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) နောက်ဆက်တွဲ သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့၍ မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) ပုံမှန်သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဘွဲ့လွန် ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးရေးဆွဲထားရှိသည့် စီမံချက် မူကြမ်းများကို တင်ပြမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစနစ် ခိုင်မာတောင့်တင်းစေ ရေးအတွက် အရည်အသွေး ပြည့်ဝရုံသာမ က ကျင့်ဝတ်လိုက်နာ ဆောင်ရွက်ပြီး ပညာ ရပ်တိုးတက်ရေးအတွက် သုတေသနပြုမူ အလေ့အကျင့်ကောင်းများ ရှိသည့် ပညာရှင်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု အခြေအနေသည် အနည်းငယ် လျော့နည်းလာသော်လည်း လုံးဝပေါ့ဆ၍ မရကြောင်း ၊ ယခုလက်ရှိတွင် နိုင်ငံတကာမှ လေကြောင်းဖြင့် ဝင်ရောက်လာသူ အားလုံးကို နှစ်ပတ် အသွားအလာကန့်သတ်ပြီး RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုများကိုလည်း နှစ်ကြိမ်ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သင်တန်းများ ဖွင့်လှစ်ရာတွင်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက်သင်ကြားသွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု သင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများအား တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းများကို မဖြစ်မနေပြုလုပ်ကြရမည် ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ဆေးနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များမှ တာဝန်ရှိသူများအားလုံး၏ အားထုတ်ကြိုးပမ်းမှုများဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ မှ လက်ရှိအထိ ဆေးနှင့်ဆေးပညာနှီးနွယ် ဘွဲ့လွန်သင်တန်းသစ် ၃၄ ခုကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဆေးနှင့်ဆေးပညာ နှီးနွယ်ဘာသာရပ်တိုင်း၌ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိမှသာလျှင် ပြည်သူများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း နှင့် လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်း စုစုပေါင်း ၁၃၆ မျိုး၌ တက်ရောက်နေသူပေါင်း ၃၀၂၈ ဦးရှိကြောင်း သိရသည်။      

Most Read

Most Recent