ငြိမ်းချမ်းရေးတည်ဆာက်နိုင်ရေး ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်း

ငြိမ်းချမ်းရေးတည်ဆာက်နိုင်ရေး ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်း
Published 11 January 2021

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ်ကြေညာထားသည့် ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား မြောက်ဦးမြို့နယ်အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပသည့် ဒုတိယအကြိ်မ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ယင်းအဆိုတင်သွင်းမှုအား ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ပြီး အဆိုနှင့်စပ်လျဉ်း၍လက်ခံရန်ဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ဆုံးဖြတ်ချက်ကို ရယူရာတွင် ကန့်ကွက်သူမရှိသဖြင့် အဆိုအား ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

“ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေကလည်း ငြိမ်းချမ်းကိုလိုလားကြတယ်။ ပြည်တွင်းပြည်ပပညာရှင်တွေကလည်း ဒါဟာ ငြိမ်းချမ်းရေးရဲ့ လမ်းစတစ်ခုဖြစ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းကို အနှောက်အယှက်ဖြစ်နေတာ  တွေ့ဆုံမှုကိုအဟန့်အတားဖြစ်နေတာက အဲဒီအကြမ်းဖက်ဆိုတဲ့ပုဒ်မ၊ အကြမ်းဖက်ဆိုတဲ့အမည်နာမဖြစ်တယ်။ ဒါကို အားလုံးအသိပေးတဲ့အတွက် လက်ရှိမြေပြင် အခြေအနေမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးတစ်ခုရစေဖို့အတွက် ဒီအဆိုကိုတင်ရခြင်းဖြစ်ပါတယ်။ ဒီအဆိုကို ဘူးသီးတောင်မြို့နယ်က ဦးထွန်းအောင်သိန်းက ထောက်ခံဆွေးနွေးတယ်။ ဆွေးနွေးဖို့ထောက်ခံတယ်။ ကန့်ကွက်သူမရှိတဲ့အတွက် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု အဆိုရှင် ဦးထွန်းသာစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အကြား ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ AA အဖွဲ့နှင့်ဆက်နွှယ်သူများ၊ AA အဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး အခြားတစ်ဖက်တွင် မြို့ပေါ်လူမြင်ကွင်းများတွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားအချို့အား အမည်မသိသူများက တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အရပ်သားဝန်ထမ်းများအား AA အဖွဲ့က ဖမ်းဆီးခြင်းစသည်ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး နယ်မြေတည်ငြိမ်မှုပျက်ယွင်းမှုနှင့် အုပ်ချုပ်ရေး ယန္တရားထိခိုက်မှုများ ဖြစ်ပေါ်လာချိန်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA) အား အကြမ်းဖက်အဖွဲ့အဖြစ် မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားပြီး မတရားအသင်းအဖြစ်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် မတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလ နိုဝင်ဘာလဆန်းမှစတင်ကာ ဂျပန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး လက်ရှိကာလအထိ အပစ်အခတ်ရပ်စဲလျက်ရှိကာ နှစ်ဖက်တာဝန်ရှိသူများအကြားလည်း အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်သုံးဦးကို AA အဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော်လည်း လက်ရှိအချိန်တွင် ဆွေးနွေးမှုရှိခြင်းမှာ  NCA ရေးထိုးခဲ့သည့်အဖွဲ့များအပါအဝင် ယခင်ခေတ် အဆက်ဆက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးချိန်တွင် အဆိုပါအဖွဲ့များသည် မတရား အသင်း၊ အကြမ်းဖက်အဖွဲ့စသည်ဖြင့် ကြေညာခံထားရဆဲဖြစ်ပြီး နှစ်ဖက်အတည်ပြု သဘောတူညီချက်ရယူခါနီးမှသာ ယင်းအဖွဲ့များကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့စသည်တို့မှ ပယ်ဖျက်ကြောင်းကြေညာခဲ့သည့်အတိုင်း ယခုလည်း ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ပြောကြားထားသည်။