အစိုးရအဖွဲ့သစ်အတွက် ရွေးချယ်ရာတွင် ပါတီမှချမှတ်သည့် မူဝါဒအတိုင်း လိုက်လုပ်သူ ဖြစ်ရမည်ဖြစ်ပြီး နောက်ဆုံးအချိန်အထိ အချိန်ယူ ရွေးချယ်သွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ပြောကြား

အစိုးရအဖွဲ့သစ်အတွက် ရွေးချယ်ရာတွင် ပါတီမှချမှတ်သည့် မူဝါဒအတိုင်း လိုက်လုပ်သူ ဖြစ်ရမည်ဖြစ်ပြီး နောက်ဆုံးအချိန်အထိ အချိန်ယူ ရွေးချယ်သွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် ပြောကြား
Published 9 January 2021
မင်းသူဝင်းထွဋ်

လာမည့် အစိုးရအဖွဲ့အသစ်အတွက် လူစာရင်း လျာထားချက်အား ယခုအချိန်တွင် တရားဝင် မထုတ်ပြန်နိုင်သေးသော်လည်း ပါတီမှ ချမှတ်သည့် မူဝါဒအတိုင်း လိုက်လုပ်သည့်သူကို ရွေးချယ်သွားမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးအချိန်အထိ အချိန်ယူ ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါက်တာမျိုးညွန့်အား Eleven Media က အစိုးရအသစ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ရွေးချယ်ထားသည်ကို သိလိုကြောင်း မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မပြောနိုင်သေးဘူးခင်ဗျ။ (၁) အချက်ကတော့ ကျွန်တော်တို့ အဖွဲ့ချုပ်က ချတဲ့မူဝါဒအတိုင်း လိုက်လုပ်တဲ့သူ ဖြစ်ရမယ်။ ဒါကတော့ ဖြစ်ကိုဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ချင်တာက တခြားသူက သူရဲ့တစ်ကိုယ်တော် ဆန္ဒအတိုင်း လျှောက်လုပ်နေရင် ကျွန်တော်တို့ ထိရောက် အောင်မြင်မှာ မဟုတ်ဘူး။ မူဝါဒအတိုင်း လိုက်လုပ်ရမှာဖြစ်တယ်။ နောက်တစ်ခုက ပြည်သူလူထုက လက်ခံနိုင်တဲ့ အရည်အသွေးရှိတယ်။ ဂုဏ်သတင်းရှိတဲ့သူ ဖြစ်ရမယ်။ (၃) အချက်ကတော့ သူ့ပုဂ္ဂိုလ်ရေး အရည်အသွေးကို ကျွန်တော်တို့ သူရဲ့နောက်ကြောင်း ရာဇဝင် ဆောင်ရွက်မှု ပြည်သူတွေရဲ့အသံ ဒီအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ပါမယ်။ ဒီအပေါ်မှာ အားလုံး အခုသုံးချက်ကို ကြည့်ပြီးတော့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အခုအနေကတော့ ကျွန်တော်တို့ ပြောလို့မဖြစ်သေးဘူးခင်ဗျ။ ရှုတ်ထွေးမှုတွေ ဖြစ်လာနိုင်မှာစိုးလို့၊ ကျွန်တော်တို့က အရေးကြီးတဲ့တာဝန် ပေးတဲ့အခါမှာ နောက်ဆုံးအချိန်ထိ အချိန်ယူရပါမယ်။ ဘာလို့လဲဆိုတော့ လျာထားပြီးမှ ပယ်ဖျက်ရတာမျိုး ကျွန်တော်တို့ မဖြစ်စေချင်ပါဘူး။ အဲဒီတော့ အချိန်ရသ၍တော့ စောင့်ဆိုင်းမှာ ဖြစ်တယ်။ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့သူရဲ့ ပြည်သူတွေအပေါ် လုပ်ဆောင်ရည် ပြည်သူတွေရဲ့ သဘောထား ဒါတွေကို အဘက်ဘက်က ကြည့်ပြီးတော့ အချိန်မီ ကျွန်တော်တို့ ထုတ်ပြန်သွားပါမယ်။ အခုနေတော့ တရားဝင် ကျွန်တော်တို့ မပြောနိုင်သေးပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၂ဝရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည့် လုံလောက်သော မဲရလဒ်ကို အနိုင်ရရှိထားပြီး၊ NLD ပါတီ၏ ဒုတိယသက်တမ်း ဖြစ်လာမည့် အစိုးရအဖွဲ့အသစ်ပေါ် လူထုက စိတ်ဝင်စားမှုများ ရှိနေပြီး စွမ်းဆောင်ရည် နည်းပါးခဲ့သည့် လက်ရှိအစိုးအရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်အချို့ ပြန်လည်ပါဝင်လာမည်ကို ပြည်သူများက စိုးရိမ်ပူပန်နေမှု များလည်း ရှိနေသည်။

 

Most Read

Most Recent