COVID-19 ရောဂါကူးစက်မှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ ခရီးသွားယာဉ်လိုင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက COVID-19 အကြောင်း သိကောင်းစရာ အမေးအဖြေကဏ္ဍတွင် ထည့်သွင်းပြောကြားထားသည်။
“အခုအခါမှာ ပြည်တွင်းလေကြောင်းလိုင်းတွေကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး သတ်မှတ်ထားတဲ့၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြေးဆွဲပေးနေပြီး ခရီးသည်တွေလည်း ခရီးသွားလာနေပြီဖြစ်ပါတယ်။ ရောဂါကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီး ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးဗဟိုကော်မတီရဲ့ လမ်းညွှန်ဆုံးဖြတ်ချက်တွေနဲ့အညီ ခရီးသွားယာဉ်လိုင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမင်းက ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၌ COVID-19 ပိုးတွေ့နှုန်း ကျလာသော်လည်း လူတစ်သန်း၌ သေဆုံးသူ ၅၀ ရှိနေပြီး သေဆုံးနှုန်း CFR မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရ သိရသည်။
“New Normal နဲ့ ခရီးသွားတဲ့အခါမှာ အမြဲတမ်း Mask တပ်မယ်။ ခရီးသည်တစ်ဦးနဲ့တစ်ဦးလည်း သတ်မှတ်ထားတဲ့ အကွာအဝေးထိုင်မယ်။ ကားပေါ်မှာလည်း လက်သန့်ဆေးရည်တွေနဲ့ ဆေးမယ်။ ကားရပ်နားတဲ့ စားသောက်ဆိုင်တွေမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ စားသောက်ပြီး ခရီးသွားလာရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမင်းက ပြောကြားသည်။
COVID-19 ပိုးတွေ့လူနာ အနည်းဆုံးဖြစ်သည့် ကယားပြည်နယ်တွင် လူနာ ၅၅ ဦးတွေ့ရှိထားပြီး ၎င်းတို့အနက် ၁၇ ဦးမှာ ယာဉ်မောင်းများဖြစ်ရာ ဒေသတွင်းကူး စက်မှုမရှိကြောင်း ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် COVID-19 အမေးအဖြေကဏ္ဍ၌ ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေထဲမှာ ကယားပြည်နယ်သည် နောက်အကျဆုံးမှ စဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ ပိုးစတွေ့တာပါ။ ကျွန်တော်တို့က ထိုင်းနယ်စပ်ဖြစ်တာကြောင့် တရားဝင်လမ်းကြောင်းတွေ မဖွင့်ပါဘူး။ ပြည်နယ်ထဲမှာ လူဦးရေက သုံးသိန်းပဲရှိတဲ့အတွက် လူနေကျဲပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျ အသိပညာပေးဆောင်ရွက်ပေးနိုင်တဲ့အပြင် ပြည်သူတွေကလည်း Mask တွေကို စနစ်တကျတပ်ကြတဲ့အတွက်ကြောင့် ကယားပြည်နယ်မှာ ပိုးတွေ့တာလည်း နည်းတယ်။ ဖြစ်ပွားမှုတွေလည်း နည်းတယ်။ ကယားပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ မည်သူမဆို Facility Quarantine တွေ ထားရှိပေးတယ်။ စနစ်တကျ Swab စစ်ဆေးပေးတယ်။ ဒီလိုလုပ်တာတောင် အောက်တိုဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ ပိုးတွေ့လူနာ ၅၅ ဦးရှိပါတယ်” ဟု ဒေါက်တာဌေးလွင်က ဆိုသည်။
ထိုစဉ်က ကယားပြည်နယ်၌ COVID-19 ပိုးတွေ့သေဆုံးလူနာမရှိကြောင်းနှင့် ပြည်နယ်အတွင်း အသွားအလာကန့်သတ်ရာနေရာ ၁၉ ခုတွင် အသွားအလာကန့်သတ်ထားသူ ၈၀၀ ကျော်ရှိခဲ့ကြောင်း ဒေါက်တာဌေးလွင်က ပြောကြားခဲ့သည်။















