COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်းကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ကော်မတီမှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန် ကာကွယ်ဆေးဝယ်ယူရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ကာ လှူဒါန်းလိုသူများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားရာ ဇန်နဝါရီ ၇ ရက်တွင် COVID-19 ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ်သန်းတစ်ထောင်ကို တပ်မတော်က ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစမ်းခန့်ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီတွင် ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစမ်းခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ ပြည့်နှစ်၊ မေတွင် ဒုတိယအကြိမ်အဖြစ် လှူဒါန်းခဲ့ရာ စုစုပေါင်း ငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်အား စုပေါင်းပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ စုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ဝယ်ယူ၍ ဆေးရုံများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်က စီစဉ်ထားသော သီးခြားစောင့်ကြည့်သူများ ထားရှိရန် နေရာများနှင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ထားရှိရန် နေရာများသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး ယခုအခါ နိုင်ငံအတွက် လိုအပ်နေသော COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်းတစ်ထောင်ကို ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် လိုအပ်ချက်ရှိလာပါက ဆက်လက် ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။















