ကမ္ဘာ့နိုင်ငံများ၌ ဗီဇပြောင်း COVID-19 ပိုးအသစ် သုံးမျိုးအထိရှိနေပြီး ထိုဗိုင်းရပ်စ်ပိုး အားလုံးသည် ကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် ပေါ့ဆ၍မရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“ဗီဇပြောင်းပိုးနဲ့ ပတ်သက်ပြီးတော့ အရင်ကဆိုရင် UK ကပိုးပေါ့။ သူ့ကို အခုခေါ်တာက VOC2020212/1 လို့ခေါ်တယ်။ သူ့ရဲ့မျိုးနွယ်စုကို အတိုခေါ်မယ်ဆိုရင်တော့ B.1.1.7 ပေါ့ ။ B.1.1.7 လို့ ပြောလိုက်တာနဲ့ UK က ဗီဇပြောင်းပိုးမျိုးနွယ် ဆိုတာကို သိနိုင်ပါတယ်။ ဒါ့အပြင် အာဖရိက,ကနေပြီးတော့ ဗီဇပြောင်းပိုး ဒါကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ အာဖရိကဗီဇပြောင်း ပိုးကလည်း တကယ်ကူးစက်မှုက မြန်တယ်ဆိုတာကို သုတေသန ပညာရှင်တွေက ပြောကြပါတယ်။ သူကတော့ UK မှာရှိတဲ့ ဗီဇပြောင်းပိုး N501Y ဆိုတဲ့ဟာ ရှိပါတယ်။ အဲဒီဟာအပြင်ကို E484K ဆိုတာနဲ့ တွဲပြီးတော့ ရှိနေတာဖြစ်ပါတယ်။ ဒါကို ကျွန်မတို့အနေနဲ့ အလွယ်ဆိုရင် N501 Y V2 လို့ခေါ် ပါတယ်။ V2 ဆိုတာ Version 2 ဖြစ်ပါတယ်။ ဒါဆိုရင် 501 Y V2 လို့ တွေ့လိုက်တာနဲ့ ဒါဟာ အာဖရိကမျိုးနွယ်စု ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ နိုင်ဂျီးရီးယား ကနေပြီးတော့ ဗီဇပြောင်းပိုးအသစ် တွေ့ရှိတယ် ဆိုပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာလည်း အခုလက်ရှိမှာဆို ဗီဇပြောင်းပိုးအသစ် သုံးခုကတော့ နည်းနည်းလေး ဂရုစိုက်ရမယ်ဆိုပြီး ပြောထားတာ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကူးစက်မြန် ဗီဇပြောင်း COVID-19 ပိုးအသစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် တွေ့ရှိနေပြီဖြစ်ပြီး အာဆီယံနိုင်ငံများအနက် စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်နေကြောင်း သိရသည်။
“ဗိုင်းရပ်စ်က ဗီဇက မပြောင်းဘဲ မနေနိုင်ပါဘူး။ အမြဲပြောင်းပါတယ်။ တစ်လကို အနည်းဆုံး နှစ်ခုကနေ သုံးခု ဗီဇပြောင်းနေ ပါတယ်။ တချို့ ဗီဇပြောင်းပိုးတွေက ဖြတ်သွားဖြတ်လာအနေနဲ့ပဲ ပြောင်းပြီးတော့ ဘာမှ သိပ်ပြီးထူးခြားမှု မရှိဘဲနဲ့ အထွေအထူး ဒုက္ခမပေးနိုင်ဘူး။ သာမန်ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ့ရှိတယ်။ တွေ့ရှိတဲ့သူက နည်းနည်းလေး ကိုယ်ခံအားနည်းတယ်။ နဂိုကတည်းက အရမ်းကို နာတာရှည်ရောဂါ အခံရှိနေတဲ့ သူဆိုရင် သူ့ဆီမှာ ပိုးက ကြာကြာနေပြီး တော့ ဗီဇပြောင်းနိုင်ခြေ ပိုများတယ်လို့ ဒါမျိုးတွေ ပြောကြပါတယ်။ ဒီနေရာမှာ ဗီဇပြောင်းပိုး အများစုကတော့ ပျောက်ပျက်သွားတယ်။ သို့သော် တချို့ အခုပြောတဲ့ ဗီဇပြောင်းပိုး သုံးခုကတော့ ဂရုစိုက်ရမယ့် အနေအထားလို့ ပြောကြတာ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံရှိ COVID-19 အတည် ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့မှ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးရာဗိုင်းရပ်စ် မျိုးကွဲသစ် VU1202012/01 (Lineage : B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
“လက်ရှိ ကျွန်မတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအတော်များများရဲ့ ဖြစ်ပွားကူးစက်မှု အများဆုံးဖြစ်နေတဲ့ အသွင်ပြောင်းပိုးကလည်း D614G ဆိုတဲ့ပိုး ဖြစ်ပါတယ်။ ဒါဟာလည်း နဂိုမူရင်း ဝူဟန်မှာ စဖြစ်တဲ့ပိုး မဟုတ်ဘဲနဲ့ ဗီဇပြောင်းပိုး ဖြစ်ပါတယ်။ ဗီဇပြောင်းပိုးကဆိုရင် အခုဆိုရင် ကမ္ဘာပေါ်မှာ အဓိက ပျံ့နှံ့နေတဲ့ ရောဂါပိုး ဖြစ်ပါတယ်။ D614G ထက်စာရင် အခု ဗီဇပြောင်းနေတဲ့ UK မျိုးနွယ်၊ အာဖရိကမျိုးနွယ် တွေကဆိုရင် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ပိုပြီးကူးစက်မှုမြန်တယ် ဆိုတာကို တွေ့ရှိရပါတယ်။ ကူးစက်မှုမြန်တယ် ဆိုတာက ဖြစ်ပွားလို့ရှိရင် အရင်ကပိုးက ကူးစက်မှုထက် စာလို့ရှိရင် အခုပိုးသစ်က ကူးစက်မှု တစ်ဆခွဲကနေ ၁ ဒသမ ၇ ဆ ပိုးကူးစက်နိုင်တဲ့သဘော ဖြစ်ပါတယ်။ အရင်ကတော့ ကလေးတွေမှာ ပိုကူးစက်တယ်လို့ ထင်ရပေမဲ့ အခုက ကလေးတွေတင်မကပါဘူး။ အသက်အရွယ်မရွေး ကူးစက်မှု ဖြစ်ပွားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီပိုးကူးစက်ခံရတဲ့ သူတွေမှာဆိုရင် ဗိုင်းရပ်စ်ရဲ့ ပိုးပမာဏကပိုပြီး များများတွေ့ရတယ်။ သူ့ရဲ့ နှာခေါင်းမှာ ပိုပြီး များများတွေ့ ရတဲ့အခါ ဒီလူနှာချေတယ်။ ချောင်းဆိုးတယ်။ စကားပြောလိုက်တယ် စသဖြင့် အဲဒီအခါမှာ ပိုးကောင် ရေပမာဏ များများထွက်သွားတယ်။ များများထွက်တဲ့အတွက် သူများဆီကို ရောက်သွားပြီး ပိုးကူးစက်နိုင်တယ် ဆိုတာကို ပညာရှင်တွေက ပြောထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ပေါ့ဆလို့တော့ မရပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန အနေဖြင့် နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ်တွေ့ရှိလာ၍ မျိုးဗီဇနွယ် (Lineage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို ဆက် လက်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။















