ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇန်နဝါရီလ အစောပိုင်းတွင် ချယ်ရီပန်းလေးများ စတင်ဖူးပွင့်လာပြီး ပြုစုထိန်းသိမ်းကြရန် လိုအပ်ကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။
ချယ်ရီပန်းများသည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃၀၀၀ နှင့် ပေ ၄၀၀၀ ကျော် ရှိသော တောင်ပေါ်ဒေသများတွင်သာ ပွင့်သော အအေးကြိုက် တောင်ပေါ်ပန်းတစ်မျိုးဖြစ်ပြီး မြေပြန့်ဒေသတွင် ရှင်သန်ပေါက်ရောက်ခြင်း မရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ချယ်ရီပန်းပွင့်ချိန် ကာလပန်းကြည့်ပွဲတော် ကျင်းပသကဲ့သို့ပင် တောင်ကြီးမြို့တွင်လည်း ချယ်ရီပန်းပွင့်ချိန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုနိုင်သဖြင့် ချယ်ရီ ပန်းပင်များကို ပြုစုထိန်းသိမ်းကြရန် လူငယ်များကို အသိပညာပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း Living Earth Green Network အစိမ်းရောင်ရှင်သန် ကမ္ဘာမြေအဖွဲ့မှ မချယ်ရီကျော်က ဆိုသည်။
တောင်ကြီးမြို့တွင် ချယ်ရီပန်းပင်များကို အရှေ့ဘက် နဂါးတောင်တန်းတစ်ကြောတွင် လည်းကောင်း၊ တောင်ကြီးဆေးတက္ကသိုလ် ဝင်းအတွင်းလည်းကောင်း၊ ရှမ်းစာပေနှင့်ယဉ် ကျေးမှုခန်းမရုံးနှင့် အထက(၂) ကျောင်းဝင်း အတွင်းလည်းကောင်း၊ မြို့ပြင်လမ်းဘေးများတွင် ပေါက်ရောက်နေသည်ကို မြင်တွေ့ရ သော်လည်း အပွင့်နည်းပြီး အရောင်ဖျော့နေ သည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့၊ ပင်လောင်းမြို့၊ လွိုင်လင်မြို့တို့တွင် ချယ်ရီပန်းလေးများ ဖူးပွင့်လာကြပြီး ရှမ်းအရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း ချယ်ရီပင်များ ပွင့်နေပြီဖြစ်ကြောင်း သိရသည်။















