ဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမားခြောက်ဦးအထိ ထွက်ခွာသွားစေရန် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဆန္ဒရှိနေ

ဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမားခြောက်ဦးအထိ ထွက်ခွာသွားစေရန် မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဆန္ဒရှိနေ
Photos : Getty Images
Photos : Getty Images
Published 6 January 2021

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမားခြောက်ဦးအထိ ရောင်းချခြင်း သို့မဟုတ် အငှားချထားခြင်းများ ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ လက်ရှိတွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး၌ ချန်ပီယံ လီဗာပူးလ်အသင်းနှင့် အမှတ်တူ တစ်ပွဲလျော့ဖြင့် ရပ်တည်နေပြီး ကစားသမားသစ် ခေါ်ယူမည့်သတင်းများ သိပ်မထွက်သော်လည်း အသင်းမှ ထွက်ခွာမည့်သူများအဖြစ် ယင်းအမည်စာရင်းမှာ သေချာသည့်အနေအထား ရှိနေသည်။

မန်ယူအသင်းသည် နောက်ခံလူများဖြစ်သည့် ဘရန်ဒန်ဝီလျံစ်၊  ဖီးလ်ဂျုံးစ်နှင့် ရိုဟို၊ ဂိုးသမား ရိုမဲရိုး၊ တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်နှင့် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်တို့ကို ယခုစျေးကွက်အ တွင်း အသင်းမှထွက်ခွာသွားစေရန် အလိုရှိ နေခြင်းဖြစ်သည်။ ဘရန်ဒန်ဝီလျံစ်ကို လေဗာကူဆင်နှင့် ဆောက်သမ်တန်၊ ဖီးလ်ဂျုံးစ်ကို ဒါဘီနှင့် ဝက်စ်ဘရွန်း၊ ရိုမဲရိုးကို ဘရိုက်တန် နှင့် အင်တာမိုင်ယာမီ၊ ဒန်နီယဲလ်ဂျိမ်းစ်ကို ဝက်စ်ဘရွန်းနှင့် လိဒ်စ်၊ ရိုဟိုကို နယူးကာဆယ်နှင့် ရှက်ဖီးယူနိုက်တက်၊ လင်ဂတ်ကို စပါးနှင့် ရှက်ဖီးယူနိုက်တက်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ 

မန်ယူအသင်း အနေဖြင့် ယခုလအတွင်း ယင်းကစားသမား ခြောက်ဦးစလုံးကို ရောင်းချနိုင်ခဲ့လျှင် အသင်း၏လစာငွေဘတ်ဂျက်မှ တစ်ပတ်လျှင် ပေါင် ၄၁၀၀၀၀ အထိ သက်သာစေလိမ့်မည် ဟု Daily Mail သတင်းစာက ရေးသားခဲ့ သည်။ ယင်းကစားသမားခြောက်ဦးတွင် လက်ရှိတစ်ပတ်လစာအများဆုံးမှာ အာဂျင်တီးနားနောက်ခံလူ ရိုဟို ဖြစ်ပြီး တစ်ပတ် ပေါင် ၈၀၀၀၀ အထိ ရရှိနေသည်။ ရိုဟို၏ နောက်တွင် လင်ဂတ်နှင့် ဖီးလ်ဂျုံးစ်က ပေါင် ၇၅၀၀၀ စီ၊ ရိုမဲရိုးက ပေါင် ၇၀၀၀၀၊  ဒန်နီယဲလ်ဂျိမ်းစ်က ပေါင် ၄၂၀၀၀ နှင့် ဘရန်ဒန်ဝီလျံစ်က ပေါင် ၄၀၀၀၀ ဝန်းကျင် ရရှိနေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ကစားသမားသစ်ခေါ်ယူမှုအတွက် သတင်းမထွက်သေးသော်လည်း နောက်ခံအတွင်းလူ နေရာကိုမူ အပြောင်းအလဲများ ပြုလုပ်ဖွယ် ရှိနေသည်။ မန်ယူအသင်း၏ပစ်မှတ်စာရင်းတွင် ဘရိုက်တန်အသင်းမှ ဘင်ဝှိုက်၊ ရီးယဲလ်အသင်းမှ ဗာရန်းနှင့် လိုက်ပ်ဇစ်အသင်းမှ အူပါမယ်ကာနိုစသည့် ကစားသမားများ ပါဝင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent