ဘာသာရေးကိုအခြေခံသည့် လူမျိုးရေးပဋိပက္ခများမဖြစ်စေရန် တားဆီးကာကွယ်နိုင်မည်ဆိုပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိရန်အတွက် ၇၅ ရာခိုင်နှုန်း သေချာနေသည်ကိုတွေ့ရဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဝန်ကြီးဌာန၏ ငါးနှစ် (၂၀၁၆-၂၀၂၁) တာကာလလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အကြောင်းအား ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် နိုင်ငံတာဝန် စတင်ထမ်းဆောင်သည့်အခါတွင် မဟာဗျူဟာလုပ်ငန်းစဉ်များကို ပြည်သူကို ရှင်းလင်းတင်ပြ သဘောထားချပြရကြောင်း၊ ယင်းအထဲမှ အရေးကြီးတဲ့ လုပ်ငန်းစဉ်သုံးရပ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရေး တည်ဆောက်ကြိုးပမ်းခြင်းမှာ ဦးစားပေးတာဝန်ဖြစ်ကြောင်း၊ ထိုသို့အခြေအနေတွင် အမျိုးသား ပြန်လည်သင့်မြတ်ဖို့ ထာဝရငြိမ်းချမ်းရေးရရန် သာသနာရေးနှင့် ယဉ်ကျေးမှုဘက်က မည်သို့ပေး ဆောင်ရွက်ပေးနိုင်မည်ဆိုသည်တို့ကို ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးထိုင်၍ သက်ဆိုင်တဲ့ ကဏ္ဍလုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
“ အဲဒီတော့ နိုင်ငံတစ်ခုမှာအားလုံးသိပါတယ်။ ငြိမ်းချမ်းရေးရရှိမှ တိုးတက်မှုတွေ ဖွံ့ဖြိုးမှုတွေ အသီးအပွင့်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မငြိမ်းချမ်းလို့ကတော့ သယံဇာတတွေ ဘယ်လောက်ပဲများများ ဘယ်လောက်ပဲ ကြွယ်ဝကြွယ်ဝ ပြည်သူတွေဘယ်လောက်ပဲ ကြိုးစားကြိုးစား ခေါင်းဆောင်တွေ အစိုးရအဖွဲ့တွေ ဘယ်လောက်ပဲ ကြိုးပမ်းကြိုးပမ်း မငြိမ်းချမ်းရင်ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအခါမှာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေးရရှိဖို့ဆိုတဲ့အခါမှာ ဘာသာရေးကိုအခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် တားဆီးကာကွယ်နိုင်မယ်ဆိုရင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရဖို့အတွက်ကို ၇၅ ရာခိုင်နှုန်းသေချာနေတာ သွားတွေ့ရပါတယ်။ မြန်မာနိုင်ငံအတွက်ကလည်းပဲ ဘာသာရေးဟာအင်မတန်မှ အကဲဆတ်တဲ့ အနေအထားဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပြန်ကြည့်လို့ရှိရင် ဒီကနေ့ဘာသာရေးဟာ နိုင်ငံရေးလို့ ပြောလို့ရပါတယ်။ နောက်ဒီနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာလည်း နိုင်ငံရေးလို့ ပြောလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဘာသာရေးကို အခြေခံသည့် လူမျိုးရေးပဋိပက္ခများ ဖြစ်မလာစေရန်အတွက် လုပ်ငန်းစဉ်တွေ ရေးဆွဲသည့်အခါတွင် နံပါတ် ၁ အနေဖြင့် ယခင်ကတည်းက ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံချစ်ကြည် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှာ သက်ဝင်လှုပ်ရှားမှု အားနည်းနေသည့်အတွက် အစိုးရတာဝန်ယူပြီးချင်း မေလအတွင်းတွင် ဗဟိုအဖွဲ့ကို ရန်ကုန်တွင်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဗဟိုအဖွဲ့ခွဲအား မန္တလေးတွင် ဖွဲ့စည်းခဲ့ကြောင်း ထိုမှတစ်ဆင့် ဆင့်ကဲ၍ ပြည်နယ်နှင့် တိုင်း၊ ခရိုင်မြို့နယ် အဖွဲ့ပေါင်း ၃၀၀ ကျော် ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါအဖွဲ့အစည်းများက စိတ်တူကိုယ်တူ တက်ညီလက်ညီ ကြိုးပမ်းခဲ့သဖြင့် ပြီးခဲ့သည့် ငါးနှစ်ကာလအတွင်းတွင် ဘာသာရေးကိုအခြေခံသည့် လူမျိုးရေးပဋိပက္ခများမဖြစ်အောင် တားဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ ဆန့်ကျင်ဘက် အဖွဲ့အစည်း တချို့လို့ပဲခေါ်မလား တာဝန်ရှိသူတွေပြောတာရှိပါတယ်။ ဒီအစိုးရ အများဆုံးရပ်တည်နိုင် ခြောက်လပဲတဲ့ အဲဒီလိုနဲ့ပဲ ရုန်းကန်ရင်းနဲ့ပဲ ခြောက်လကျော်လွန်လာတဲ့အခါမှာ အများဆုံးရပ်တည်နိုင်ရင် နှစ်နှစ်ပဲဆိုပြီးတော့ အဲဒီလိုဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ပါတီအဖွဲ့အစည်းတစ်ခုကဖြစ်စေ တခြားအဖွဲ့အစည်းတစ်ခုကဖြစ်စေ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အလို့ငှာ အသုံးချတာကိုတော့ ၂၀၀၈ အခြေခံဥပဒေကလည်းပဲ ဆန့်ကျင်ပါတယ်။ လက်မခံပါဘူး။ အရင် အခြေခံဥပဒေရဲ့အဆက်ဆက်မှာလည်း ဒါကိုလက်မခံခဲ့ပါဘူး။ ဒါလက်ခံလို့ မဖြစ်ပါဘူး။ တစ်ခါပြန်ကြည့်လို့ရှိရင် လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကာလတွေ ပြန်ကြည့်ဦး။ ဘာသာပေါင်းစုံ နိုင်ငံသားတိုင်းရင်းသား ပေါင်းစုံပူးပေါင်းတိုက်ပွဲဝင်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမယ် ဆိုရင်တော့ ကျွန်တော်တို့အားလုံးဒါကို ဆန့်ကျင်ကန့်ကွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဘာသာရေးနဲ့ပတ်သက်ရင် လုံးဝအကဲ ဆတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဘာသာရေးကို အခြေခံပြီးတော့မှ သွေးထိုးမယ်။ မြောက်ပင့်ပေးမယ်။ လှုံ့ဆော်မယ်ဆိုရင် ဘာသာရေးကိုအခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ၎င်းက ဆိုသည်။
ယင်းအပြင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ကိုလည်း တရားမဝင်အဖွဲ့အဖြစ် ကြေညာနိုင်စေရန်နှင့် အမြန်ရုတ်သိမ်းရန်အတွက် ဆောင်ရွက်ခဲ့ရကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား အင်အားဖြင့် ဆန္ဒထုတ်ဖော်၊ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည့် မ.ဘ.သ နှင့် အမျိုးသားရေးအဖွဲ့အစည်းများကိုလည်း တောက်လျှောက်ကိုင်တွယ် ဖြေရှင်းခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယင်းသို့အောင်မြင်ရခြင်းမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးအပါအဝင် သံဃအဖွဲ့အစည်းအဆင့်ဆင့်၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှု၊ ဆရာဒကာညီညွတ်မှုကြောင့် အောင်မြင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















