တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် COVID-19 ပိုးတွေ့ရှိသဖြင့် စခန်းတစ်ခုလုံးကို Lockdown ပြုလုပ်

တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် COVID-19 ပိုးတွေ့ရှိသဖြင့် စခန်းတစ်ခုလုံးကို Lockdown ပြုလုပ်
Published 3 January 2021

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မရဲစခန်းမှ အချုပ်သား ၁၈ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ဇန်နဝါရီ ၂ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် စခန်းတစ်ခုလုံး Lockdown ချထားကြောင်း သိရသည်။

အချုပ်သားတချို့ အန့ံမရဖြစ်နေသည်ဟု ဆိုသဖြင့် ဇန်နဝါရီ ၂ ရက်က ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ရဲစခန်းသို့ လာရောက်ကာ COVID-19 ပိုးရှိ မရှိ စစ်ဆေးခဲ့ရာတွင် အချုပ်သား ၆၀ ကျော်အနက် ၁၈ ဦး COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“အချုပ်သားတချို့ အနံ့မရကြလို့ မနေ့က ကျန်းမာရေးဌာနက တာဝန်ရှိသူတွေလာပြီး စစ်ဆေးတဲ့အခါမှာ အချုပ်သား ၁၈ ဦးမှာ ကိုဗစ်ပိုးတွေ့တာပါ။ အခုတော့ စခန်းတစ်ခုလုံးကို Lockdown လုပ်ထားတယ်။ အဝင်အထွက် ကန့်သတ်ထားပါတယ်။ ပထမအချုပ်သား လေးယောက်ကတော့ သံတွဲ ပို့ထားတယ်။ အခုတွေ့တဲ့ သူတွေကိုတော့ စခန်းမှာပဲ သီးခြားထားတယ်”ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က တောင်ကုတ်မြို့မရဲစခန်းတွင် အချုပ်သား လေးဦး၌ COVID-19 ပိုး စတင်တွေ့ရှိခဲ့ပြီးနောက် လေးရက်အကြာတွင် အချုပ်သား ၁၈ ဦး၌ ထပ်မံပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း၌ COVID-19 ရောဂါကြောင့် Stay at Home ကာလ၌ လေးလကျော်ကြာ ယာယီ ပိတ်ထားခဲ့သည့် မြို့စျေးကြီးအား ပြည်နယ်အစိုးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက စတင်ကာ ပြန်လည်ရောင်းချခွင့် ပြုခဲ့သည်။ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၄၀၄၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦး ရှိသည်ဟု သိရသည်။

Most Read

Most Recent