ရန်ကုန်တိုင်းအတွင်း ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် ကစားကွင်းများ ယာယီပိတ်ထားမှုကို ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုး

ရန်ကုန်တိုင်းအတွင်း ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် ကစားကွင်းများ ယာယီပိတ်ထားမှုကို ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုး
နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်
နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်
Published 3 January 2021
ဆန်းထူးအောင်

ရန်ကုန်တိုင်းအတွင်း ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် ကစားကွင်းများ ယာယီပိတ်ထားမှုကို ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

“အဲဒီဟာက ၁၀ ရက်အထိ သက်တမ်းတိုးထားတယ်။ အကုန်ပြန် သက်တမ်းတိုးလိုက်တာဖြစ်တယ်” ဟု ဦးစိုးလွင်က ပြောကြားသည်။

ခရစ္စမတ်နှင့် နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်တွင် လူစုလူဝေး မဖြစ်ပေါ်စေရန် ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်လျားကန်ပေါင်၊ ပန်းခြံနှင့် ကစားကွင်းများအားလုံး ပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဒီဇင်ဘာ ၁၈ ရက်စွဲဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပေးပို့ထားသည့် စာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်း မရှိဘဲ ပြင်ပ၌ သွားလာနေခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သော သတိပေး စစ်ဆေးတင်းကြပ်မှုများ ဆောင်ရွက်သွားရန် COVID-19 ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အကြောင်းကြားလာမှုအပေါ် ကြပ်မတ်ဆောင်ရွက်သွားရန် အကြောင်းကြားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ခရစ္စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် အားကစားကွင်းများ အားလုံးကို ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် အကြောင်းကြားကြောင်း စာတွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းအတွင်း ယခုကဲ့သို့ လုပ်ဆောင်ခဲ့သည့်အတွက် ပိုးတွေ့နှုန်း လျော့ကျခဲ့ပြီး အခြေအနေပေါ် မူတည်၍ ဖြေလျော့သင့်သည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

“ကျွန်မတို့က ဒီဇင်ဘာ ၃၁ ရက်အထိ မိမိအိမ်မှာနေမယ်၊ ခက်ခွာခွာနေမယ်ဆိုတာ အားလုံးသိပြီးသား၊ အဲဒါလေးတွေ ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့ လူတိုင်း ပြည်သူတွေ တော်တော်များများ လက်ခံနားလည် လာပြီးတော့ COVID-19 ကူးစက်မှုတွေ ကျလာတယ်ဆိုတာ သိပြီးဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပိုးကူးစက်မှု ကျဆင်းနေသော်လည်း ပိုးတွေ့လူနာများ ထားရှိရန် ပြင်ဆင်ထားသည့် နေရာများ အများအပြားရှိကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ဆက်လက်ပြောကြားသည်။

“ပြင်ဆင်ပြုပြင်ထားတဲ့ ခုတင်တွေ နေရာတွေက အများကြီးရှိတယ်။ အပြည့်အဝကို ပြင်ဆင်ထားတာ၊ ဒီနေရာတွေမှာ ထားစရာမရှိလို့ ရပ်ကွက်တွေထဲမှာ ပိုးတွေ့လူနာတွေ ရှိနေတယ်ဆိုတဲ့ အခြေအနေမျိုး တွေကလည်း မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ ထားစရာ ခုတင်တွေ ပြင်ဆင်ပြီးဖြစ်တယ်။ ဘယ်လိုပဲ ပြင်ဆင်ထားပါစေ ပြည်သူတွေက တစ်ဦးတစ်ယောက်ချင်း စည်းကမ်းလိုက်နာတဲ့အတွက် ပိုးကူးစက်နှုန်း ကျလာတာ ဖြစ်တဲ့အတွက် ပြည်သူသာ အဓိကဆိုတဲ့အတိုင်း ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူး တင်ပါတယ်။ ရှေ့မှာ ဘာဆက်လုပ်မလဲ ဆိုတာက ပိုးကူးစက်မှု ကျလာတဲ့အပေါ် မူတည်ပြီးတော့ ဖြေလျှော့မှုတွေကို နိုင်ငံတော်အစိုးရအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့ပေးသွားမယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

 

Most Read

Most Recent