NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်သုံးဦး သွားရောက်တွေ့ဆုံမှုသည် ပါတီကိုယ်စားပြုမှုမရှိဟု ယင်းပါတီဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
သို့သော် တွေ့ဆုံဆွေးနွေးရာတွင်ပါဝင်သည့် KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားဖြင့် ပါတီကိုယ်စားလှယ်တစ်ဦးအနေဖြင့် တက်ရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်မှုအပေါ် ဇန်နဝါရီ ၂ ရက်က ပါတီကို ပြန်လည်ရှင်းလင်းခဲ့သည်ဟု တုံ့ပြန်ပြောကြားသည်။
“အဲဒါခုနပဲ CEC (ပါတီဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးခေါ်ပြီးတော့မှ ဖြေရှင်းပြီးပြီ။ ဒါကတော့ တစ်ဦးတစ်ယောက်ရဲ့ အမြင်စောင်းမှုပါ။ CEC မှာ ကျွန်တော်တို့က တွေ့ဆုံခွင့်ရှိတယ်။ တွေ့ဆုံရမယ်။ သဘောထားဆုံးဖြတ်ပြီးသားပါ” ဟု KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရွေးကောက်ပွဲအနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးမှုကို ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ အနိုင်ရပါတီသုံးခုနှင့် ဇန်နဝါရီ ၁ ရက်က မြစ်ကြီးနားမြို့ရှိ NLD ပါတီရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မဲဆန္ဒနယ်လေးနေရာ အနိုင်ရထားသည့် KSPP ပါတီမှ ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲအနိုင်ရ ဒေါက်တာမနာမ်တူးဂျာအပါအဝင် အနိုင်ရကိုယ်စားလှယ်သုံးဦး ပါဝင်ခဲ့သည်။
ပါတီကိုဖိတ်စာနှင့်ဖိတ်ကြားကာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က မည်သူတက်ရောက်သင့်ကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးမှုကို တတိယနေရာတစ်ခုတွင် ပြုလုပ်ရန် ဆန္ဒရှိခဲ့သော်လည်း NLD ပါတီက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားလာခြင်းဖြစ်သည်ဟု အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။
“အခုလောလောဆယ်ကတော့ သူတို့ကအပေါ်က Mandate အတိုင်းပဲ။ ဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်နဲ့ပဲ အရင်တွေ့မယ်ဆိုတာ ဖြစ်လာတယ်။ တွေ့တာလည်း သူတို့ရုံးမှာပေါ့။ တခြားနေရာဆိုရင် လုံခြုံရေးကိစ္စ၊ ဘာကိစ္စတွေ ရှိသေးတယ်ဆိုတော့ ဒီတစ်ခေါက်တော့ နားလည်ပေးကြပါဆိုပြီးတော့မှ ကျွန်တော်တို့ကို ပြန်အကြောင်းပြန်လာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့သူတို့ ရုံးမှာသွားတွေ့တာဖြစ်ပါတယ်။ အဲဒါတော့ ပါတီကိုယ်စားလှယ်အနေနဲ့တက်တာပါ။ ပါတီ CEC ရဲ့ သဘောထားဆုံးဖြတ်ချက်နဲ့တက်တာပါ” ဟု ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။
၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် NLD ပါတီ၏ ကမ်းလှမ်းမှုအပေါ် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း ပါတီကိုယ်စားပြုအဖြစ် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့မှ ရွေးချယ်သူများဖြင့် တွေ့ဆုံခြင်း၊ တွေ့ဆုံမှုကိုစာဖြင့် တရားဝင်ဖိတ်ကြားပြီး တတိယနေရာတွင် တွေ့ဆုံဆွေးနွေးရေး စသည့်အချက်များကို NLD ပါတီအား အကြောင်းပြန်ကြားခဲ့သည်ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
“အနာဂတ်မှာ ညီညွတ်ရေးအစိုးရလုပ်ဖို့လည်း အကုန်လုံးဆုံးဖြတ်ထားပြီးပြီပဲ။ မတွေ့ပါနဲ့ဆိုတာမျိုး ကျွန်တော်တို့မပြောဘူး။ ဒါပေမဲ့ တွေ့ပုံတွေ့နည်း ဒါကိုကျွန်တော်တို့ တောင်းဆိုထားတယ်။ ဒီဟာကိုဘာမှ တုံ့ပြန်တာလည်းမရှိဘူး။ ဒါကြောင့် ဒီဟာကို တစ်သီးပုဂ္ဂလအနေနဲ့ပဲ ဒီလိုပဲမှတ်ယူထားပါတယ်” ဟု ဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
KSPP ပါတီသည် ကချင်တိုင်းရင်းသားပါတီလေးပါတီ တရားဝင် ဖျက်သိမ်းပြီး အချို့သော ပါတီဝင်များ ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ရာယခုဖြစ်ရပ်ကြောင့် ပါတီတွင်း ညီညွတ်ရေးကို ထိခိုက်မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
“ဒီဟာမျိုးက ညီညွတ်ရေး၊ ပါတီတွင်းမှာလည်း ညီညွတ်ရေးက ပြဿနာဖြစ်သွားနိုင်တယ်။ ဖြစ်လာပြီ။ ဆိုတော့ NLD ဆီမှာ တာဝန်ရှိလာတယ်” ဟု ဂွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် NLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး လမ်းညွှန်ချက်အရ ပြည်နယ်တွင် အနိုင်ရပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကိုသာ တွေ့ဆုံခြင်းဖြစ်ကြောင်း တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့တွင်ပါဝင်သည့် NLD ပါတီမှ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်က ပြောကြားသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများအနက် မဲဆန္ဒနယ် အများဆုံး အနိုင်ရပါတီတစ်ခုဖြစ်ပြီး မဲဆန္ဒနယ် နှစ်နေရာစီ အနိုင်ရခဲ့သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) တို့မှ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးစီလည်း NLD ပါတီနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည်။
တိုင်းရင်းသားများနှင့် ပွင့်လင်းစွာတွေ့ ဆုံဆွေးနွေးခဲ့ကြပြီး ၎င်းတို့ဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဖက်ဒရယ်ကိစ္စနှင့် တန်းတူညီမျှရှိရေးတို့အပါအဝင် အစိုးရအဖွဲ့အတွင်း အပြန်အလှန်ထိန်းကျောင်းမှုရှိရန် တိုင်းရင်းသားပါတီများကို နေရာပေးစေလိုကြောင်း ဆွေးနွေးမှုများရှိသည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုကဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။















