မူဆယ်မြို့တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး၏ နေအိမ်မှ မီးခံသေတ္တာတစ်လုံးကို သေနတ်ကိုင်ဆောင် ထားသော လူလေးဦးက လာရောက်ဖောက်ထွင်း ယူဆောင်သွား

မူဆယ်မြို့တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး၏ နေအိမ်မှ မီးခံသေတ္တာတစ်လုံးကို သေနတ်ကိုင်ဆောင် ထားသော လူလေးဦးက လာရောက်ဖောက်ထွင်း ယူဆောင်သွား
Published 31 December 2020
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝန်းရပ် တိုက်ခန်းအမှတ် (၂) RC တစ်ထပ်တိုက် အိမ်ငှားတန်းလျား၊ အိမ်အမှတ် (ခဝ/ ----) တွင် နေထိုင်သော မော်ဆောင်ပြည်သူ့စစ် အဖွဲ့ဝင်၏ နေအိမ်အခန်းအား ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသားလေးဦးက အိမ်တံခါးရိုက်ဖျက်၍ မီးခံသေတ္တာ တစ်လုံးအား ဖောက်ထွင်း ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝန်းရပ် တိုက်ခန်းအမှတ်(၂) RC တစ်ထပ်တိုက် အိမ်ငှားတန်းလျား၊ အိမ်အမှတ်(ခဝ/ ----) တွင် ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီခန့် က ၎င်းအိမ်ခန်းငှားတန်းလျားတွင် နေထိုင်သော မော်ဆောင်ပြည်သူ့စစ်အဖွဲ့ဝင် ဇော်ဝင်းအောင်နှင့် ၎င်း၏ဇနီးတို့ မရှိသည့်အချိန်၌ ၎င်းတို့နေအိမ်အခန်း အတွင်းသို့ သေနတ်အရှည် နှစ်လက်နှင့် သေနတ်အတို တစ်လက် ကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား လေးဦးက X-TRAIL အမျိုးစား အနက်ရောင်ယာဉ်ဖြင့် ရောက်ရှိလာကြပြီး ၎င်းငှား ရမ်းနေထိုင်သည့် အခန်းတံခါးသော့အား တူဖြင့်ရိုက်ဖျက်ကာ နေအိမ်အခန်းတွင်းသို့ ဝင်ရောက်ပြီး အခန်းအတွင်း ထားရှိသည့် မီးခံသေတ္တာအား ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“အိမ်ဖောက်တာ၊ အိမ်တံခါးကို တူနဲ့ရိုက်ဖောက်ပြီးတော့ အထဲက မီးခံသေတ္တာယူသွားတာ။ နေအိမ်အခန်းမှာ လူမရှိဘူး။ တစ်‌ယောက်မှ မရှိဘူး။ မိသားစုက အပြင်သွားနေတဲ့အချိန်မှာ ဖောက်တွင်းသွားတာ။ အခုကျွန်တော်တို့ လိုက်လံစုံစမ်း ဖော်ထုတ်နေပါတယ်။ ကျူးလွန်သွားတဲ့ တရားခံတွေကိုတော့ မမိသေးပါဘူး။  စုံစမ်းစစ်ဆေးဆဲပါ” ဟု မူဆယ်မြို့မ ရဲစခန်း စခန်းမှူး ဒုတိယရဲမှူးသိန်းလွင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာသို့ မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများက သွားရောက် စုံစမ်းစစ်ဆေးကြရာတွင် နေအိမ်အခန်း တံခါးပွင့်နေသည်ကို တွေ့ရှိရပြီး ၎င်းနှင့်ဇနီး အပါအဝင် သက်သေများနှင့်အတူ အခန်းအတွင်း စစ်ဆေးရာ ခုတင်၏ ဝဲဘက်ဘေးတွင် ထားရှိသည့် ရွှေရောင်မီးခံသေတ္တာတစ်ခု ပျောက်ဆုံးနေပြီး ယင်းမီးခံသေတ္တာအတွင်း တရုတ်ငွေ ၃၀၀၀၀၀ ယွမ် (မြန်မာငွေတန်ဖိုး- သိန်း ၆၀၀ ကျပ်) ခန့်၊ ၁၆ ပဲရည်ခန့်ရှိ အလေးချိန် တစ်ကျပ်သားခန့်ရှိ လက်စွပ်မောင်းကွင်း တစ်ကွင်း တန်ဖိုး (ကျပ် ၁၂၀၀၀၀၀)၊ ၁၆ ပဲရည်ခန့်ရှိ အလေးချိန် ငါးမူးသားခန့်ရှိ လူကြီးဝတ် ရွှေဆွဲကြိုး တစ်ကုံး တန်ဖိုး (ကျပ် ၆၀၀၀၀၀) ခန့်၊ ၁၆ ပဲရည်ခန့်ရှိ အလေးချိန် ငါးမူးသားခန့်ရှိ ကလေးဝတ် ရွှေဆွဲကြိုးတစ်ကုံး တန်ဖိုး (ကျပ်  ၆၀၀၀၀၀) ခန့် ၎င်းရွှေ ဘောက်ချာ ၃ ရွက်၊ ဖခင်ဖြစ်သူ ဦးချားတင်ပြည် အမည်ပါ မှတ်ပုံတင်တစ်ခုတို့ ပါသွားခဲ့ကြောင်း သိရပြီး ပြစ်မှုကျူးလွန်သူများ နေထိုင်သွားလာတတ်သည့် နေရာများသို့ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ အမှတ် (၁) (၂) (၃) နယ်မြေရဲကင်းမှ တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ နယ်မြေခံတပ်ရင်း တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုဇော်ဝင်းအောင်၏ နေအိမ်အခန်းသော့အား ဖျက်ဆီးကာ အခန်းအတွင်းသို့ ဝင်ရောက်ပြီး တရုတ်ယွမ်ငွေနှင့် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် မီးခံသေတ္တာအား ခိုးယူသွားသူ  အမျိုးသား လေးဦးခန့်အား မူဆယ်မြို့မ ရဲစခန်းက ပထမသတင်း‌ပေး တိုင်တန်းချက် အမှတ် ၇၉၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၄ ဖြင့် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁ နာရီ မိနစ် ၅၀ ခန့်တွင် အမှုရေးဖွင့် ဆောင်ရွက်ပြီး အမှုအား ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent