ရှမ်းပြည်နယ်၏ အဓိကထင်ရှားသော ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ရှိသည့် အင်းလေးကန်ဒေသတွင် ခရီးသွားလုပ်ငန်း ရပ်တန့်သွားသဖြင့် လူတန်းစား အလွှာစုံ ရာခိုင်နှုန်း ၉၀ ခန့် ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ပုဂံဒေသပြီးလျှင် အင်းလေးကန်ဒေသသည် ဒုတိယမြောက် ထင်ရှားကျော်ကြား၍ ပြည်တွင်းပြည် ပခရီးသည်များ အများအပြား လာရောက် လည်ပတ်လေ့ရှိသော နေရာတစ်ခုဖြစ်ပြီး ညောင်ရွှေမြို့နယ်၏ စီးပွားရေးလုပ်ငန်း အတော်များများသည် ခရီးသွားလုပ်ငန်းအပေါ် မှီတည်နေရကြောင်း သိရသည်။ အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသတွင် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် ညောင်ရွှေမြို့နယ်တွင်းရှိ ခရီးသွားလုပ်ငန်း တိုက်ရိုက်ဆက်စပ်သူများ၊ သွယ်ဝိုက်ဆက်စပ်သူများ လူတန်းစားမျိုးစုံ ရာခိုင်နှုန်း ၉၀ ခန့်သည် စီးပွားရေး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအထိ ခရီးသည်များ လာရောက်လည်ပတ် ခဲ့ကြသော်လည်း မတ်လကုန်မှ စတင်၍ ခရီးသည်ပါးသွားကာ ဧပြီလတွင် ခရီးသွားလာမှု ပိတ်လိုက်ကြောင်း၊ ဇွန်၊ ဇူလိုင်လခန့် တွင် ပြည်တွင်းခရီးသွား အနည်းငယ်ရှိကာ သြဂုတ်တွင် ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သဖြင့် တောက်လျှောက် ခရီးသည် ပါးခဲ့ကြောင်း၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတို့တွင် ပြည်တွင်းပြည်ပ ခရီးသည်များ မရှိတော့ဘဲ အလုပ်ပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီ စက်တင်ဘာလကနေ စတင်ပြီးတော့ ဒီဇင်ဘာလအထိ ဘာလေးဘာက ပြည်တွင်းပြည်ပ ခရီးသွား မရှိသလောက်ပဲ။ ထိခိုက်မှုကတော့ လုပ်ငန်းကြီးသမားတွေကလည်း ကြီးတဲ့အလျှောက် တစ်ပိုင်တစ်နိုင်တွေ အသေးသမားတွေ ရှိတယ်။ ထိခိုက်မှုတွေ ရှိတယ်။ ညောင်ရွှေမှာ အကြီးဆုံး ငါးဒိုင်မေးကြည့်တယ်။ ခါတိုင်းဆိုရင် ပိဿာလေးငါး၊ ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်အထိ ရောင်းရပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်လောက်မှာ နှစ်ပိဿာလောက်ပဲ ရောင်းရတယ်ဆိုတော့ ထိခိုက်တာပေါ့။ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ၊ စိုက်ပျိုးသူ၊ အဝတ်အထည် ရောင်းတဲ့သူ၊ လက်ဆာင်ပစ္စည်းရောင်းသူ၊ စက်လှေဆရာ၊ ခရီးသွားလုပ်ငန်း နယ်ပယ်မှာ တိုက်ရိုက်ဆက်စပ်သူ၊ သွယ်ဝိုက်ဆက်စပ်တဲ့ လူတွေအားလုံးဟာ အခက်အခဲ ဖြစ်သွားတယ်။ ဒုက္ခရောက်ကြတယ်။ စုထားတာတွေစားတာ ရောင်းချပေါင်နှံစားတာတို့ပေါ့။ အလွှာစုံ လူတန်းစားစုံ ၉၀ ရာခိုင်နှုန်းလောက် ထိခိုက်တယ်” ဟု ညောင်ရွှေမြို့ဒေသခံ အရပ်ဘက် အဖွဲ့အစည်းမှ ကိုမြတ်မင်းစိုးက ပြောကြားသည်။
ညောင်ရွှေမြို့နယ် ခရီးသည်ပို့ဆောင်ရေး ရေယာဉ်အသင်းတွင် အသင်းဝင်၂၀၀ ခန့်ရှိပြီး ကိုဗစ်ကာလအတွင်း ခရီးသည်မရှိ တော့သဖြင့် စက်လှေမောင်းအလုပ်ကို စွန့် ခွာကြပြီး လယ်လုပ်ခြင်း၊ ပန်းရန်လုပ်ခြင်း၊ ငါးဖမ်းခြင်း၊ နေ့စားအလုပ်ရှာစားခြင်းတို့ကို ပြောင်းလဲလုပ်ကိုင်ကြကြောင်း သိရသည်။
“ကိုဗစ်ကာလ တားဆီးထားတော့ ဘယ်မှ မသွားရဘူးပေါ့။ စက်လှေသမား၊ ကား သမားတွေ မသွားရဘူးပေါ့။ ကိုဗစ်ကြောင့် ရပ်တန့်ရပြီ သွားသမား လာသမား မရှိဘူး။ အခက်အခဲ နည်းပေါင်းစုံပေါ့ဗျာ။ တစ်စျေးမှ သုံးခေါက်ထွက်ရသူ လေးခေါက်ထွက်ရသူ ရှိတယ်။ စက်လှေမောင်းသမားတွေ လယ်ရှိ သူ လယ်လုပ်ပေါ့။ ပန်းရန်လုပ်၊ နေ့စား အလုပ်တွေ လုပ်ကြတာပေါ့။ စက်လှေသမား တွေ မရှိသလောက် လျော့သွားတယ်။ ဧည့်သည် မရှိဘူး၊ ပြင်ပနိုင်ငံခြား လုံးဝမရှိဘူး။ တောင်ကြီးမြို့ကနေ နည်းနည်းတော့ လာတာ၊ ငါးရက်မှ တစ်ရက်တောင် မလာဘူး ဖြစ်နေတယ်။ စက်လှေမထွက်ရတဲ့ ရက်တွေ အများကြီးပဲ။ အခု ကိုဗစ်ပိတ်တာနဲ့ အခုထိ ရှစ်လ၊ ကိုးလကျော်ရှိပြီပေါ့။ စားဝတ်နေရေး ခက်ခဲတော့ ငါးရှာ၊ လယ်လုပ်၊ ပန်းရန်လုပ် အသီးသီးပေါ့။ ဝမ်းစာရေးအတွက် လှုပ်ရှားနေရတာပေါ့” ဟု ညောင်ရွှေမြို့နယ် ခရီးသည် ပို့ဆောင်ရေး ရေယာဉ်အသင်းဥက္ကဋ္ဌ ဦးပြုံးက ပြောကြားသည်။
အင်းလေးကန်ဒေသအတွင်း ဆောင်းရာသီတွင် ရောက်ရှိလာလေ့ရှိသော ဆောင်းခိုငှက် တစ်မျိုးဖြစ်သည့် စင်ယော်ငှက်များသည် အင်းလယ်တွင် ယခင်နှစ်များက ကျင်လည်ကျက်စားလေ့ ရှိသော်လည်း ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသည် လာရောက် လည်ပတ်ခြင်း မရှိသဖြင့် ညောင်ရွှေမြို့ လှေဆိပ်အထိ လာရောက်၍ အစာတောင်းကြကာ ရှာဖွေစားသောက်ရေး အလွန်အမင်း ခက်ခဲနေကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိ ဆောင်းခို စင်ယော်ငှက်များသည် ညောင်ရွှေလှေဆိပ်တွင် လာရောက်ခြင်း ရှားပါးကာ၊ ယခုနှစ်တွင် ခရီးသွား မရှိသဖြင့် လှေဆိပ်တွင် အစာတောင်းနေခြင်း ဖြစ်ကြောင်း ငှက်စာရောင်းသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
“ငှက်လေးတွေက ဆောင်းခိုငှက်လေးတွေလေ။ ဒီမှာမလာဘူး။ ရောဂါအခြေအနေ ကြောင့် ဒီနားကို ရောက်လာကြတာ၊ အင်းလယ်မှာ နေကြတယ်ရှင့်၊ ခရီးသွားတွေကို မျှော်တာ၊ ခရီးသွားမရှိလို့ ဒီကိုလာတာပါ။ မြို့သူမြို့သားတွေက ကျွေးတာပေါ့။ ခါတိုင်းဆို လာပေမဲ့ အခုရက်ပိုင်း ခရီးသွားမရှိဘူး။ မြို့သူမြို့သားတွေပဲ အစာကျွေးရတာပေါ့” ဟု ငှက်စာရောင်းသူ မမိုးက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်တွင် ညောင်ရွှေမြို့နှင့် နန်းပန်မြို့တို့ ပါဝင်ကာ ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာ ၄၄၅ ရွာရှိပြီး လူဦးရေ တစ်သိန်း ခုနစ်သောင်းကျော် နေထိုင်ကြောင်း ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၄၄၅ ရွာတွင် ရေပေါ်ကျေးရွာ ၈၀ ကျော်ရှိပြီး အင်းလေးကန်တွင် နေထိုင်ကြသော ဒေသခံ အများစုမှာ အဓိကအားဖြင့် ခရမ်းချဉ်သီး ကျွန်းမျောစိုက်ပျိုးခြင်း၊ တံငါလုပ်ငန်းတို့ကိုသာ လုပ်ကိုင်ကြပြီး မြို့၏အဓိက စီးပွားရေး လုပ်ငန်းမှာ ခရီးသွားလုပ်ငန်း ဖြစ်ကြောင်း သိရသည်။















