ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ပြုလုပ် သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မိမိ၏ မဲဆန္ဒနယ် အတွင်း မဲပေးခွင့်ရှိသူဦးရေ အတိအကျ မသိရဘဲနှင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုက်ရသည့်သဘော ဖြစ်သွားခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သထုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးမျိုးမင်းဌေးက ပြောကြားသည်။
“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစကတည်းက ကျွန်တော်ပြောနေတာ ရှိပါတယ်။ ဒီရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကိုယ်စားလောင်းတစ်ယောက် ဖြစ်ပြီးတော့ ကိုယ့်ရဲ့မြို့နယ် အတွင်းမှာ မဲပေးခွင့်ရှိသူဦးရေ အတိအကျ မသိရဘဲ နဲ့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်လိုက်ရတဲ့သဘော ဖြစ်သွားပါတယ်” ဟု ဦးမျိုးမင်းဌေးက ပြောကြားသည်။
သထုံမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်ပြီး ယခင်က UEC ထံမှရရှိခဲ့သည့် ပုံစံ (၁) မဲစာရင်း အပေါ်တွင် အခြေခံပြီး စိစစ်ထားသည့် အပိုင်းလေးတွေရှိကြောင်း၊ မဲစာရင်းတွင် ကွာဟချက်လေးများ တွေ့ရကြောင်း၊ ဥပမာအားဖြင့် မှတ်ပုံတင် ထပ်နေခြင်း၊ မှတ်ပုံတင် မပါသည့်သူများ ပါဝင်နေခြင်း၊ နောက်ဆုံး မဲရုံတစ်ရုံချင်းအလိုက် စိစစ်လိုက်သည့်အခါတွင် မဲစာရင်းထဲ၌ အသက်မပြည့်သေးသည့်သူများ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ သထုံမြို့နယ် အတွင်းတွင် မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မဲစာရင်းကွာခြားချက်က သုံးသောင်းကျော်၊ လေးသောင်းခန့်ရှိပါကြောင်း ဦးမျိုးမင်းဌေးက ဆိုသည်။
“ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲမသမာမှုတွေကို အဖြေရှာနေပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေကိုတော့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကို အစီရင်ခံစာတင် ထားပြီးပါပြီ။ နောက်တစ်ချက်က ကန့်ကွက် လွှာတွေ၊ ကျွန်တော်တို့လိုချင်တဲ့ မဲဆန္ဒရှင် စာရင်းတွေကို တရားဝင်ရရှိရေး အတွက်ကိုလည်း UEC ထံတင်ပြထားပြီး ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်လက်လို့လည်း ပါတီဌာနချုပ်က ထုတ်ပြန်ပြီးသွားရင် ကျွန်တော်တို့ ဆက်လုပ်ရမယ့် လုပ်ငန်းတွေရှိလာမှာပါ” ဟု ဦးမျိုး မင်းဌေး က ပြောကြားသည်။
“မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ပြီးတော့ UEC ကနောက်ဆုံးထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းနဲ့ မဲစာရင်းပုံစံ (၁၆) ကို အတိအကျရခဲ့မယ်ဆိုရင် မဲဆန္ဒရှင်စာရင်းကို ပိုပြီးသေချာအောင် ပြန်စစ်လို့ရမှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ခြင်း၊ ရှုံးခြင်းထက်ကို ရွေးကောက်ပွဲသည် သန့်ရှင်းသော ရွေးကောက်ပွဲ၊ လွတ်လပ်သော ရွေးကောက်ပွဲ၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့အတွက်ကို မဲဆန္ဒရှင် စာရင်းတွေကို ပြန်လည်စိစစ်နေခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က မဲစာရင်းမှာ ပါတဲ့သူတွေကရော အမှန်တကယ်ပဲ မဲပေးခဲ့ကြသလား။ အမှန်တကယ်ရော မြေပြင်မှာ ရှိနေကြသလား ဆိုတာတွေကို ပြန်လည် စစ်ဆေးသွားမှာပါ” ဟု ဦးမျိုးမင်းဌေးက ဆက်လက် ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များသည့် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မဲစာရင်းနှင့် ပတ်သက်ပြီး မှန်ကန်ခြင်းမရှိခြင်း စသည့်အချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံထောက်ခံသူများမှ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က သထုံမြို့ရှိ သထုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဝင်း အတွင်း၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ် အတွင်းရှိ မဲဆန္ဒနယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)၊ မဲဆန္ဒနယ် (၄) နေရာလုံးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့သည်။















