တစ်ကျော့ပြန် ကိုဗစ်ကပ်ရောဂါကြောင့် တာ့ခ်ခရိုင်အတွင်း ခရီးသွားလာခြင်း မပြုလုပ်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး တားမြစ်ချက်များ ထုတ်ပြန်

တစ်ကျော့ပြန် ကိုဗစ်ကပ်ရောဂါကြောင့် တာ့ခ်ခရိုင်အတွင်း ခရီးသွားလာခြင်း မပြုလုပ်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး တားမြစ်ချက်များ ထုတ်ပြန်
Published 30 December 2020
ရွှေသိန်း(မြဝတီ)

သောင်ရင်းတစ်ဖက်ကမ်းရှိ မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်း နေထိုင်ကြသူများအားလုံး ကိုဗစ်ရောဂါထိန်း ချုပ်နိုင်ရေးအတွက် ခရီးသွားလာခြင်း မပြုရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၂၉ ရက် နေ့ရက်စွဲဖြင့် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို လိုက်နာခြင်းမရှိပါက  ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ကျခံရမည် ဖြစ်ကြောင်းလည်း သိရသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အထူးသတိထား၍ သွားလာနေထိုင်ကြရမည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။

“ထိုင်းမှာက မဟာချိုင်ဘက်ကနေပြီး မြန်မာအလုပ်သမား အများဆုံး ကိုဗစ်ရောဂါ ကူးစက်မှုများလာရာကနေ အခုမဲဆောက်မှာလည်း ရောဂါကူးစက်ခံရသူ ၁၅ ဦးခန့် တွေ့ရှိလာတယ်၊ ဒါကို ကူးစက်မှု ပိုများလာမှု မရှိအောင် အမိန့်နဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်တာဖြစ်တယ်။ ထိုင်းအစိုးရက ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး မြန်မာအလုပ်သမားတွေကို ကိုဗစ်ရောဂါ ကူးစက်မှု ရှိ မရှိ စစ်အခမဲ့ စစ်ဆေးပေးနေပါတယ်၊ ထိုင်းမှာက ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာရင် တကယ်အရေးယူတာမို့ မြန်မာအလုပ်သမားတွေ အထူးသတိထားကြရမယ်” ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောကြားသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ ကိုးမြို့နယ်အတွင်း အလုပ်ရုံ၊ စက်ရုံ၊ စတိုးဆိုင်နှင့် လယ်ယာ လုပ်ငန်းခွင်များ၌ ဝင်ရောက် လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သိန်းကျော်ရှိကြောင်း သိရသည်။

တာ့ခရိုင်အုပ်ချုပ်ရေးမှူး ထုတ်ပြန်သော ကိုဗစ်က ကန့်သတ်ချက်များတွင် မည်သည့်ဘာသာမဆို ဘုရားရှိခိုးခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို လူဦးရေ ၂၀ ထက်ပို၍ ဆောင်ရွက်ခွင့် မရသလို စားသောက်ဆိုင်များတွင်လည်း ဆိုင်ထိုင်စားခွင့် မရှိဘဲ ပါဆယ်ဖြင့်သာ ဝယ်ယူရမည်ဖြစ်ပြီး အခြားကန့်သတ်ချက်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ Taxi ယာဉ်လိုင်းများ အကုန်လုံး ရပ်နားရန်၊ လူဦးရေ ၂၀ ထက်မပိုဘဲ မည်သည့် ကျင်းပမှုမျိုးမဆို မပြုလုပ်ကြရန်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုဘဲ ပါဆယ်ဝယ်ယူ စားသောက်ရန်၊ အလုပ်ရုံ၊ စျေး၊ ကုန်တိုက်နှင့် အရောင်းဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်မှု စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးရန်၊ အောက်ပါနေရာများအား ယာယီနားထားရပါမည်။ ရုပ်ရှင်ရုံနှင့် ဇာတ်ရုံတို့နှင့် အလားတူရုံများ၊ နိုက်ကလပ် ဘားနှင့် KTV များနှင့် အလားတူလုပ်ငန်းများ၊ ဘိလိယက်ခုံနှင့် တင်းနစ်ကွင်း၊ ဖူဆယ်ကွင်းများ၊ ဂိမ်းဆိုင်နှင့် အင်တာနက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ ရေကူးကန်များ၊ ကြက်တိုက်ရုံများ၊ ပြတိုက်နှင့် စည်းဝေးခန်းမများ၊ လက်ဝှေ့ရုံနှင့် ကိုယ်ခံပညာကျောင်းများ၊ အကသင်တန်းများ၊ ကိုယ်ခန္ဓာ ပေါင်းတင်လုပ်ငန်းများ၊ ကျန်းမာရေးကောင်းရန် လေ့ကျင့်သည့် လုပ်ငန်းများ၊ အကြောများ နှိပ်နယ်လုပ်ငန်းများ စသည်တို့ဖြစ်ပြီး အထက်ပါ အချက်အလက်များကို ချိုးဖောက်ပါက ဒဏ်ငွေဘတ်လေးသောင်း သို့မဟုတ် ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် နှစ်မျိုးစလုံး အရေးယူခံရမည်ဟု အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

Most Read

Most Recent